Home
မြန်မာသတင်း
ပြည်မြို့က ဖမ်းဆီးခံ ကျောင်းသူအချို့ကို ကျောင်းတက်ရန် လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေး
DVB
·
June 5, 2022

ပဲခူးတိုင်း ပြည်မြို့မှာ လူမှုကွန်ရက်အသုံးပြုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ ကျောင်းသူတွေထဲက တချို့အခုရက်ပိုင်းအတွင်း ပြန်လည်လွတ်လာကြပြီး  အများစုက ကျောင်းပြန်တက်ဖို့အတွက် လက်မှတ်ထိုးခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့မေလထဲမှာ အဖမ်းခံခဲ့ရပြီး ပြန်လွတ်လာတဲ့ ကျောင်းသူ တယောက်ရဲ့မိခင်က  “ ကျမသမီးလေးကို လာဖမ်းတုန်းက နောက်ဖေးက ထွက်ပြေးတာလွတ်သွားတယ်။ ဒါပေမဲ့ သမီးကိုမတွေ့တော့ ကျမလိုက်သွားရတာ။ အိမ်မှာက အငယ်လေးတယောက်ကျန်နေခဲ့တာ၊။ နောက်တော့ သူ့ဦးလေးကို အကူအညီတောင်းပြီးသမီးကို လာအပ်တော့မှ ကျမပြန်လွတ်လာတာ။ သမီးကစစ်ကြောရေးမှာ တပတ်လောက်ကြာသွားတယ်။ ပထမတော့ ပိုက်ဆံနဲ့ညှိရမယ်လို့  ကြားလူတယောက်ကပြောသေးတယ်။ နောက်တော့ နိုင်ငံခြားအရက် ဈေးကြီးကြီး ၂ လုံးသွားကန်တော့လိုက်တာ အဆင်ပြေသွားတယ်။ ဒါပေမဲ့ သမီးက တတိယနှစ်ကျောင်းသူ ဖြစ်တော့ ကျောင်းပြန်တက်ပါမယ်ဆိုပြီး လက်မှတ်ထိုးခဲ့လိုက်ရတယ်။ အခုတော့ကျောင်းအပ်ပြီးသွားပါပြီ” လို့ပြောပါတယ်။

ပြည်မြို့နယ်မှာ NUG၊ PDF တွေနဲ့ ပတ်သက်လို့    ဖေ့စ်ဘွတ်ခ်ပေါ် ပို့စ်တင်တာ Like လုပ်တာ၊ Share တာ  comment ပေးတာတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေကို စစ်ကောင်စီတပ်တွေ လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

ပြည်စစ်ကြောရေးမှာ ကျောင်းသူ ၅ ယောက်ကိုတွေ့ခဲ့ပြီး   ၄ ယောက်ပြန်လွတ်လာကြောင်း တယောက်က ၁၀ တန်းကျောင်းသူ ကျန် ၃ ယောက်က တက္ကသိုလ်ကျောင်းသူတွေဖြစ်ပြီး၊ သူတို့တတွေအားလုံး ကျောင်းပြန်တက်ဖို့လက်မှတ်ထိုးခဲ့ရတယ်လို့ ပြန်လွတ်လာသူတဲ့ ကျောင်းသူရဲ့ မိခင်ကပြောပါတယ်။

ပြီးခဲ့တဲ့မေလကပဲ ပြည်မြို့ မြို့ပေါ်ရပ်ကွက်နေ ကျောင်းသူတယောက်  ဖေ့ဘွတ်ခ်ပေါ် ပို့စ်တခု Share ရှယ်မိတာကြောင့်အဖမ်းခံရပြီး တပတ်လောက်  စစ်ဆေးမေးမြန်းခံခဲ့ရကာ ပြန်လွတ်လာ လို့ ကျောင်းပြန်တက်တာတွေ့ရကြောင်းနဲ့ တခြားမိန်းကလေး ၄ ယောက်လည်း ကျောင်းပြန်တက်လာတာကိုတွေ့ရတယ်လို့ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄  ရက်နဲ့  ၁၅ ရက်ကလည်း  ကံမမြို့က ကျောင်းသူ ၂ ယောက် PDF တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အွန်းလိုင်းကနေ သမီးရည်းစားဖြစ်ခဲ့မှုနဲ့ ဖမ်းဆီးခံရပါတယ်။

မေလ ၂၈ ရက်ကလည်း ပေါင်းတလည်မြို့နေ ၈ တန်းကျောင်းသူတယောက်ကို ဖေ့စ်ဘွတ်ခ် ပို့စ် Share မှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထားပြီး သူတို့တတွေကတော့ ခုအချိန်အထိ ပြန် လွတ်မြောက်မလာသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၁ လ အတွင်းမှာပဲ ပြည်မြို့နယ်ထဲကနေ အမျိုးသမီးငယ် ၁၀ ယောက်ထက်မနည်း  အဖမ်းခံထားရပြီး တချို့ပြန်လွတ်လာကာ တချို့ပြန်မလွတ်သေးဘူးလို့ ပြည်မြို့ခံတွေက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024