Home
မြန်မာသတင်း
စစ်မဲ့ဇုန် ထူထောင်ပြီး စစ်ဘေးသင့်ပြည်သူများကို ကူညီနိုင်ရေး NUG ဆောင်ရွက်နေ
DVB
·
June 1, 2022

ကာလတို စစ်ကင်းမဲ့ဇုန်တွေ ထူထောင်ပြီး စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် တနေ့တခြား များပြားလာတဲ့ သန်းနဲ့ချီတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့ ကာလတို စစ်ကင်းမဲ့ဇုန်တွေ ထူထောင်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ 

NUG က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လူသားချင်း စာနာကူညီရေးနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းပြီး ဒုက္ခသည်အရေးအတွက် လက်တွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
NUG က မဟာမိတ်ဆက်ဆံရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရရှိဖို့အတွက် ဆွေးနွေးညှိနှိုင်းတာတွေ ပြုလုပ်နေပါတယ်။

NUG လူသားချင်းစာနာရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက "NUG နဲ့ အဓိကပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ စစ်ကောင်စီနဲ့ပဲ တဖက်သတ် ဆောင်ရွက်နေမယ်ဆိုရင် တကယ် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ ရောက်မှာမဟုတ်ဘဲ သူတို့စိုးမိုးတဲ့ မြို့ပေါ်နေရာလောက်ပဲ ဟန်ရေးပြ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ မရောက်ရင် ပြည်သူတွေ ဆက်ပြီး ဒုက္ခခံစားနေရမယ်။ အကူအညီတွေ လမ်းလွဲရောက်သွားမယ်ဆိုရင် အခြေအနေတွေက ပိုဆိုးလာနိုင်တယ်။ စစ်ဘေးဒဏ်အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထိထိရောက်ရောက် မရတဲ့အတွက် ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကိုပါ ထပ်ဆောင်းခံစားရမှာဖြစ်တယ်။ မတရား အာဏာယူထားပြီး ပြည်သူတွေကို အကွက်ကျကျ နှိမ်နင်းနေတဲ့ အာဏာရှင်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အခုထက်ပိုဆိုးတဲ့ အခြေအနေကို ရောက်မှာဖြစ်တယ်လို့ ယူဆတယ်။ နိုင်ငံတကာကပေးတဲ့ အကူအညီတွေကို သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးအတွက် တဖက်လှည့်နဲ့ အသုံးချသွားနိုင်တယ်။ အနည်းဆုံး အာဆီယံအတွင်းမှာ နိုင်ငံရေးအရ တရားဝင်မှုရရှိအောင် လုပ်ပြကြမယ့်ပုံစံမျိုး ဖြစ်နေပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂကပေးမယ့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဘုံသဘောတူညီချက် ရရှိပြီးတော့ လက်တွဲဆောင်ရွက်နေပါတယ်။ တူညီတဲ့ သဘောထားတွေကို ပူးတွဲထုတ်ပြန် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အလွန်အမင်း အကူအညီလိုအပ်နေတဲ့ နေရာတွေအတွက်ကိုတော့ အရေးပေါ်အကူအညီတွေကို အန္တရာယ်ကင်းကင်းနဲ့ ပေးနိုင်ဖို့အတွက် ကာလတို စစ်ကင်းမဲ့ဇုန် ထူထောင်ပြီး အကူအညီပေးနိုင်ဖို့ လူသားချင်း စာနာထောက်ထားမှုစင်္ကြံထူထောင်ပြီး ဆောင်ရွက်ခွင့်ရနိုင်ဖို့ အာဆီယံ၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နဲ့ ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ ကုလနဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီတို့က ဝင်ရောက်ကူညီပေးဖို့ကိုလည်း ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်” လို့ ‌ပြောပါတယ်။

စစ်ဘေးသင့်ပြည်သူတွေကို လတ်တလောမှာ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသား အလှူရှင်တွေရဲ့ အကူအညီနဲ့ပဲ ပံ့ပိုးပေးနေရတဲ့အတွက် ငွေကြေးနဲ့ ပစ္စည်းရေးရာ လိုအပ်ချက်တွေ မြင့်တက်နေပါတယ်။ နိုင်ငံတကာက အကူအညီပေးမယ့် အထောက်အပံ့တွေကိုလည်း စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကန့်သတ်နေတာကြောင့် ကူညီချင်သလို မကူညီနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဉီးကျော်ဇောက ပြောပါတယ်။

“ဒုက္ခသည်အရေးဟာ မြန်မာနိုင်ငံသမိုင်းမှာ အဆိုးဆုံးအနေအထားကို ရောက်ရှိနေပါတယ်။ ဖြစ်လာတဲ့ အခြေအနေ အားလုံးဟာ စစ်တပ်၊ စစ်အာဏာရှင်ကြောင့် ဖြစ်လာတာပေါ့။ သူတို့ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် စစ်ရှောင်အများကြီး ဖြစ်လာတယ်။ လူသန်းပေါင်း ၁၄ သန်းကျော်ကျော်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို မှီခိုနေရတဲ့ အနေအထား ရောက်လာတယ်။ မြန်မာနိုင်ငံမှာ လူသန်းပေါင်း ၂၅ သန်းကျော်ဟာ ဆင်းရဲမှု အတန်းအစား အောက်ဆုံးကို ရောက်နေတယ်လို့ UN က ပြောထားတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ တဝက်နီးပါး ရှိနေပြီ။ ဆိုတော့ အကုန်လုံးက စစ်ကောင်စီရဲ့လက်ချက်ပဲ။ NUG အနေနဲ့ကတော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ CSO တွေ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွဲပြီးတော့ အတတ်နိုင်ဆုံး ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ အခက်အခဲက ဘာလဲဆိုတော့ ငွေရေးကြေးရေးနဲ့ ပစ္စည်းရေးရာအရရော ထောက်ပံ့နိုင်မှုက အတိုင်းအတာတခုအထိပဲ ရှိနေတယ်။ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေရဲ့ အကူအညီပေးမှုနဲ့ပဲ ကျနော်တို့က ဆောင်ရွက်နေရတယ်။ နိုင်ငံတကာက အကူအညီပေးမယ် ဆိုတဲ့ ဟာတွေကလည်း စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့နေရတော့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေဆီကို မရောက်နိုင် ဖြစ်နေရတော့ အင်မတန်မှ ဝမ်းနည်းရပါတယ်။ အခက်အခဲတွေ အများကြီး ရှိတဲ့အတွက်ကြောင့် ကူညီချင်သလို မကူညီနိုင်တဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာလည်း ပြောကြားချင်ပါတယ်။ မကြာခင်မှာ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ်လို့ ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တနှစ်ကျော်အတွင်း ဒုက္ခသည် ၆ သိန်းနီးပါး တိုးလာပြီး အရင်ရှိပြီးသား စာရင်းနဲ့ဆိုရင် ဒုက္ခသည် ၁ သန်းကျော်လာပြီလို့ UNOCHA က မေ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မေ ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ကုလနဲ့ အာဆီယံကို အဓိက မေတ္တာရပ်ခံထားတဲ့အချက် ၇ ချက်ပါဝင်ပြီး မြေပြင်မှာ အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေကို အကူအညီပေးရေး လုပ်ငန်းတွေမှာ တတိယအစုအဖွဲ့အနေနဲ့ ပါဝင်ခွင့်ပေးဖို့၊ အာဆီယံအပြင် ASEAN Plus နည်းလမ်းကို အသုံးပြုဖို့၊ စစ်ကောင်စီက ဝင်ရောက်စွက်ဖက်မှုမရှိအောင် အလေးထား လုပ်ဆောင်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024