မွန်ပြည်နယ်၊ ရေးမြို့ အ.ထ.က ၁ ကျောင်းအနီး ကျောင်းပြင်ပနေရာမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးကို ဇွန် ၁ ရက် မနက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်းနေရာတွေမှာ လုံခြုံရေးတွေ တင်းကျပ်ချထားတဲ့ ကြားကနေ အခုလို မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးကို စစ်ကောင်စီတပ်ကပဲ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဇွန် ၁ ရက်နေ့မှာ ကျောင်းစတင်ဖွင့်လှစ်ပေမဲ့ ကျောင်းသားကျောင်းသူတွေ အနည်းကျဉ်းသာ တက်ရောက်ကြပြီး ကျောင်းကို မတက်ရဲကြတဲ့သူတွေလည်းရှိတယ်လို့ ကျောင်း သားမိဘတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ကျောင်းမှာ လုံခြုံရေးတွေ ချထားပေမဲ့လည်း ကျောင်းသား ကျောင်းသူတွေရဲ့ လုံခြုံရေးအန္တရာယ်က စိုးရိမ်ရတဲ့ အခြေနေမှာရှိတယ်လို့ ကျောင်းသားမိဘ တယောက်ကလည်း ပြောပါတယ်။
အခုပညာသင်နှစ် စစ်ကောင်စီက ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ပြီးခဲ့တဲ့နှစ်ထက် ကျောင်းသားကျောင်းသူတွေ ကျောင်းတက်ကြဖို့ ဆန္ဒပြင်းပြနေကြသလို ကျောင်းသားမိဘ အများစုကလည်း ကျောင်းအပ်နှံထားကြတာပါ။
ရေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းတွေ CDM ပြုလုပ်ဖို့ ရေးဘီးလူးအဖွဲ့သားတွေက နောက်ဆုံးအနေနဲ့ သတိပေးထားပြီး လိုက်နာခြင်းမရှိပါက ဗုံးခွဲတာတွေ လုပ်ဆောင်သွားတယ်လို့လည်း ကြေညာထားပါတယ်။
စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းကိုမတက်လိုတဲ့ ကျောင်းသားကျောင်းသူတွေ NUG ပညာရေးဌာန လမ်းညွှန်ချက်နဲ့ အညီဖွင့်လှစ်တဲ့ Yarmanya Federal Education School မှာ တက်ရောက်ပညာသင်ကြားနိုင်ပါတယ်။
အဆိုပါကျောင်းဟာ မွန်ပြည်နယ် ၁၀ မြို့နယ်မှ ပညာရေးဘုတ်အဖွဲ့တွေနဲ့ ပူးပေါင်း ဖွင့်လှစ်တာဖြစ်ပြီး မေ ၂၃ ရက်ကစလို့ ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။