Home
မြန်မာသတင်း
ရန်ကုန်မြို့လယ် ဘတ်စ်ကားမှတ်တိုင်ဗုံးခွဲမှု NUG နှင့် တော်လှန်ရေးအဖွဲ့များ ကန့်ကွက်ရှုတ်ချ
DVB
·
May 31, 2022

အရပ်သားပြည်သူတွေကို  ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးဌာနတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက  ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ရန်ကုန်မြို့ ၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင် လူစည်ကားရာနေရာမှာ မေ ၃၁ ရက် ညနေက အင်းအားပြင်းတဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီး အရပ်သားပြည်သူ ၇ ယောက်ထက်မနည်း  ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာလိုက်တာပါ။

အဆိုပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီ ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေးသလို စစ်ကောင်စီကလည်း တုံ့ပြန်တာမရှိသေးပါဘူး။ 

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့  လူမျိုးပေါင်းစုံ ပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရေးနဲ့ ပြည်သူလူထုလုံခြုံရေးကို ရည်မှန်းချက်တခုအဖြစ် ထည့်သွင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေရာမှာ အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

သမိုင်းကြောင်းတလျောက် မိမိတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထင်သလိုပြုမူနေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပျူစောထီး၊ သွေးသောက်အဖွဲ့ စတဲ့ အစွန်းရောက်လက်ပါးစေအဖွဲ့တွေ မွေးမြူကာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေပြီး တိုင်းရင်းသားလက်နက်ကိုင်ကို တော်လှန်ရေး အင်အားစုတွေကို အပြစ်ပုံချတဲ့ လုပ်ရပ်များစွာ သာဓက အနေနဲ့ရှိခဲ့လို့ ပြည်သူလူထုအနေနဲ့ အသိ၊ သတိရှေ့ထား နေထိုင်သွားကြဖို့ နှိုးဆော်ထားပါတယ်။

အခုလို လုပ်ရပ်တွေကို တရားမျှတမှုပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့လည်း NUG ကာကွယ်ရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလို အရပ်သားပြည်သူတွေကို  ပစ်မှတ်ထားပြီး အကွက်ချတိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့ ပြည်သူတွေကိုဦးတည်  အကြမ်းဖက်လုပ်ရပ်ပြုလုပ်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

အလားတူ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း ဒီလုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိတဲ့အကြောင်း၊  ဗုံးကွဲမှုမှာ ထိခိုက်ဒဏ်ရာရသေဆုံး သူတွေအတွက် မိသားစုနဲ့ထပ်တူ အလွန်ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း၊ ထိခိုက်နစ်နာသူတွေအတွက်တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် အခုလို အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

ဒီဗုံးပေါက်ကွဲမှုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှု ဖြစ်တယ်လို့ ရန်ကုန်မှာ စစ်ကောင်စီပစ်မှတ်တွေကိုတိုက်ခိုက် ပြောက်ကျားစစ်ဆင်ရေးဆင်နွှဲနေတဲ့ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ကပြောပါတယ်။

“ဒီဗုံး​ပေါက်ကွဲမှုက တော်လှန်​ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှုပဲ။ သူတို့ဗျူဟာက ပြည်သူကို ဓားစာခံလုပ်ပြီး ထိခိုက်အောင်လုပ်မယ်။ ပြည်သူ့​တော်လှန်​ရေးရဲ​ဘော်တွေနဲ့ ပြည်သူတွေကြားမှာ ​သွေးကွဲအောင် လုပ်နေတာ အရှင်းကြီးပါ။ အပြစ်မဲ့ ပြည်သူတွေ အခုလို ထိခိုက်သေဆုံးရတဲ့အတွက် အများကြီး ဝမ်းနည်းမိပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေကို ထိထိရောက်ရောက် လက်တုံ့ပြန်သွားမှာပါ”လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့​တော်လှန်​ရေး အင်အားစုတွေအနေနဲ့ ပြည်သူကို ဘယ်​တော့မှ ထိခိုက်နစ်နာ​အောင် မလုပ်​ခဲ့ဘူးလို့လည်း ပြောပါတယ်။

“အပြစ်မဲ့ ပြည်သူတွေကို ​ခေါင်း​တည့်တည့်ချိန်ပြီးပစ်ခဲ့တာ ဘယ်သူတွေလဲ၊ အပြစ်မဲ့ ရွာသူရွာသားကို ဖမ်းဆီးနှိပ်စက်ပြီး ရွာလုံးကျွတ်မီးရှို့တာ ဘယ်သူတွေလဲ ပြည်သူတွေက သိပြီးသားပါ။ သေချာတာကတော့ ဘတ်စ်ကားမှတ်တိုင်​ပေါက်ကွဲမှုကို အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ လက်ကိုင်တုတ်အဖွဲ့တွေက အကွက်ချစီစဉ်ခဲ့တာပါ။”

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အပါအဝင် မြန်မာနိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ  စစ်ကောင်စီပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်လေ့ရှိတာဖြစ်ပြီး တိုက်ခိုက်မှုတွေပြီးတိုင်းလည်း သူတို့လုပ်ဆောင်တာ ဖြစ်တယ်လို့ တာဝန်ယူ ထုတ်ပြန်ကြေညာ လေ့ရှိတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့  ပြည်သူတွေအပေါ် ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာမီးရှို့မှုတွေနဲ့ ဗုံးခွဲမှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ယူ တာဝန်ခံခဲ့တာ မရှိပါဘူး။

ယခင်  နဝတ၊ နအဖ စစ်အစိုးရ ခေတ်တွေတုန်းကလည်း ရှော့ပင်းစင်တာတွေနဲ့ လူစည်ကားရာ နေရာတွေမှာ အင်အားပြင်းတဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ပြည်သူတွေသေဆုံးခဲ့ဖူးတာရှိပေမဲ့ ဗုံးခွဲတဲ့သူတွေက တာဝန်ယူ တာဝန်ခံတာ ၊ ဗုံးခွဲတဲ့ တရားခံတွေ ဖမ်းဆီးရမိ အရေးယူခံရတာတွေလည်း မရှိခဲ့ပါဘူး။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024