ရန်ကုန်မြို့လယ်က ဘားလမ်းကားမှတ်တိုင်မှာ မေ ၃၁ ရက် ဒီနေ့ ညနေ ၃ နာရီ မိနစ် ၂၀ လောက်က ဗုံးပေါက်ကွဲခဲ့ပြီး လမ်းသွားလမ်းလာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ သေဆုံးသူတွေလည်းရှိနိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။
“ဗုံးသံက အတော်ပြင်းတယ်။ ပန်းဆိုးတန်းလောက်ကနေ အကျယ်ကြီးကြားရတယ်။ ၂ ယောက်လား မသိဘူး သေတယ်ကြားတယ်”လို့ အဲဒီအနီးနားမှာ ရှိနေတဲ့သူတစ်ယောက်က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေအတိအကျကို အတည်မပြုနိုင်သေး သလို ဗုံးပေါက်ကွဲရတဲ့ အကြောင်းအရင်းနဲ့ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။
အခုပေါက်ကွဲမှုဟာ စစ်အာဏာသိမ်းကာလအတွင်း ရန်ကုန်မြို့ထဲမှာ ပြည်သူထိခိုက်မှု အများဆုံး ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ အခုလိုမျိုးအပြစ်မဲ့တဲ့ပြည်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်တာကို လုံးဝလက်မခံသလို အခုလိုလုပ်ဆောင်မှုက ပြည်သူ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမြင်စောင်းစေလိုတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ပြောပါတယ်။