DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့်အဆက်ဖြတ်ရန် ဟောင်ကောင်၊ ထိုင်းနှင့် စင်ကာပူ ကုန်သည်ကြီးများအသင်းတို့ကို တိုက်တွန်း
DVB
·
May 30, 2022
မြန်မာစစ်တပ်နှင့်အဆက်ဖြတ်ရန် ဟောင်ကောင်၊ ထိုင်းနှင့် စင်ကာပူ ကုန်သည်ကြီးများအသင်းတို့ကို တိုက်တွန်း
Donate to DVB

ဟောင်ကောင်၊ ထိုင်းနဲ့ စင်ကာပူကုန်သည်ကြီးများအသင်းတို့ဟာ မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးကို ရန်ပုံငွေထောက်ပံ့နေတဲ့ LOTTE ဟိုတယ်မှာ အခမ်းအနားတခုကို ပူးပေါင်းစီစဥ်နေပြီး  အကြမ်းဖက်မြန်မာစစ်တပ်နဲ့ သူ့ရဲ့လုပ်ငန်းစုကြီးတွေနဲ့ ဆက်နွှယ်မှုတွေကို ဖြတ်တောက်ဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Joint Networking Event ဆိုတဲ့ အစီအစဉ်တခုကို လာမယ့် ဇွန် ၃ ရက်နေ့ ရန်ကုန်က LOTTE ဟိုတယ်မှာ ကျင်းပဖို့ရှိပြီး ဒီအစီအစဉ်ကို ဟောင်ကောင်၊ ထိုင်းနဲ့ စင်ကာပူ ကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်းစီစဉ်တာဖြစ်ကာ  ဟောင်ကောင် စီးပွားရေးနဲ့ ကုန်သွယ်ရေးရုံးက ပံ့ပိုးကူညီပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း MCCOC ကတော့ အဲဒီအခမ်းအနားမှာ ပူးတွဲစီစဉ်သူအဖြစ်ကနေ နုတ်ထွက်ထားသလို အခမ်းအနားမှာလည်း မပါတော့ကြောင်း သိထားပြီး ကျန်တဲ့ ကုန်သည်ကြီးများအသင်းတွေကလည်း ခုလို နုတ်ထွက်ကြရမယ်လို့ Justice For Myanmar က ဆိုပါတယ်။

တည်ဆောက်- လုပ်ကိုင်- လွှဲပြောင်း (ဘီအိုတီ) သဘောတူညီချက်အရ LOTTE နဲ့ ဟိုတယ်ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ POSCO International တို့ဆီက မြေငှားရမ်းခတွေကို မြန်မာစစ်တပ်က ရနေပြီး အနာဂတ်မှာ အကျိုးအမြတ်များတဲ့ ပိုင်ဆိုင်မှုကိုလည်း ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူတွေအပေါ် စစ်တပ်ကကျူးလွန်တဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ အသုံးပြုတဲ့ စစ်လက်နက်တွေကိုအဓိကဝယ်ယူပေးတဲ့ စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားတာပါ။

မြန်မာ ဟောင်ကောင် ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကလည်း သူတို့ ဘုတ်အဖွဲ့ဝင်တွေကတဆင့် မြန်မာစစ်တပ်နဲ့ဆက်နွှယ်နေပြီး ဘုတ်အဖွဲ့ဝင်တွေထဲမှာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ စွမ်းအင်စီမံကိန်းတခုကို လုပ်ကိုင်နေတဲ့ ဟောင်ကောင်ကုမ္ပဏီ VPower၊ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့ မြေနေရာပေါ်မှာ ဆူးလေစကွဲယားစီမံကိန်းကို လုပ်ကိုင်နေတဲ့ ရှန်ဂရီလာတို့က ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

သူတို့ရဲ့ စီးပွားရေးအကျိုးအမြတ်တွေအတွက် မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ ငွေကြေးထောက်ပံ့နေကြတာဖြစ်ပြီး  LOTTE ဟိုတယ်၊ VPower နဲ့ ရှန်ဂရီလာ အပါအဝင် မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေဆဲဖြစ်တဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်ပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းနုတ်ထွက်ကြဖို့လည်း တောင်းဆိုထားပါတယ်။

ဂျပန်ကုမ္ပဏီ ၂ ခုဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံနေကြပြီး တနှစ်မှာ မြေငှားရမ်းခ အမေရိကန် ဒေါ်လာ ၂ သန်းလောက် ပေးချေနေသလို စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေမှာ အလိုတူအလိုပါဖြစ်နေတာကို အကြိမ်ကြိမ်ထောက်ပြပေမယ့် ဂရုမစိုက်တာကြောင့် အဲဒီကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံတာကနေ နုတ်ထွက်ကြဖို့ အရပ်ဘက်အဖွဲ့အစည်း ၈ ခုက ကုမ္ပဏီတွေရဲ့ အစုရှယ်ယာရှင်တွေကို စာပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013