ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ မေ ၂၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ  လိုက်ပါလာတဲ့ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP)က ပြောပါတယ်။

NSP ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဆိုင်မွန်က  “ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် လောက်က စစ်(...)တွေမောင်းလာတဲ့ ကားတစီကို ကျနော်တို့ NSP က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့တယ်”လို့  ပြောပါတယ်။

စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို တိုက်ပွဲတွေနဲ့ မိုင်းဆွဲခံရလို စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်သေဆုံးတဲ့အခြေနေတွေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ NSP ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဆိပ်ဖြူ-ကျောက်ကြီး လမ်းပေါ်မှာလည်း မေ ၁၁ ရက် မနက် ၁၁ နာရီလောက်က ရဲကား ၃ စီးကို NSP က မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ယောက် နေရာမှာတင်သေဆုံးပြီး ၅ ယောက်လောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

NSP အနေနဲ့ ဘယ်လိုအခက်ခဲတွေရှိနေပါစေ ပြည်သူလူထုရဲ့ ခွန်အားတွေနဲ့ အကြမ်းဖက် စစ်ကောင်စီပြုတ်ကျတဲ့ အထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း မိဘပြည်သူတွေ အနေနဲ့လည်း တတ်နိုင်တဲ့နေရာကနေ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ စစ်အုပ်စုရဲ့ဒေါက်တိုင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ကိုလည်း သတိပေးထားပါတယ်။

//
More News
Up