မင်းသားကြီး ဂျွန်နီဒက်ပ်ကို အမှုအနိုင်ပေးရန် ရှေ့နေ့များ တရားသူကြီးထံ အယူခံဝင်

ကမ္ဘာကျော် ဟောလိဝုဒ်ကြယ်ပွင့် မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ သူ့ဇနီးဟောင်း သရုပ်ဆောင် အမ်ဘာဟာ့ဒ်တို့ရဲ့ အပြန်အလှန် အသရေဖျက်မှုဆိုင်ရာ တိုင်ကြားချက်တွေကို ဆုံးဖြတ်ရာမှာ မင်းသားရဲ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ ဂျွန်နီဒက်ပ်ဘက်ကို အသာပေး စီရင်ချက်ချပေးဖို့ မေ ၂၇ ရက်မှာ  မင်းသားရဲ့ ရှေ့နေတွေက တရားသူကြီးတွေဆီ အယူခံဝင်ခဲ့ပါတယ်။ 

သူ့ဇနီးဟောင်း အမ်ဘာဟာ့ဒ်ရဲ့ရှေ့နေတွေကလည်း သူ့အမှုသည်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် အခွင့်အရေးတွေကို အသိအမှတ်ပြုဖို့ တောင်းဆိုနေတာပါ။ 

အသက် ၅၈ နှစ်အရွယ် "Pirates of the Caribbean" ကြယ်ပွင့်  မင်းသား ဂျွန်နီဒက်ပ်ဟာ ဇနီးဟောင်း ဟာ့ဒ်ကို ဒေါ်လာ သန်း ၅၀ နဲ့ ဗာဂျီးနီးယားမှာ တရားစွဲခဲ့ပြီး ဟာ့ဒ်ဘက်ကလည်း အိမ်တွင်းအကြမ်းဖက်မှု ကိုယ်စားပြု လူသိရှင်ကြား ပုဂ္ဂိုလ်ကြီးလို့ သုံးနှုန်း ခေါ်ဆိုလိုက်တာဟာ သူ့ကို ဂုဏ်သိက္ခာချ အသရေဖျက်တာလို့လည်း ချေပခဲ့တဲ့အပြင် သူ့ကို သိက္ခာချတာပါဆိုပြီး ဒေါ်လာ သန်း ၁၀၀ နဲ့ တန်ပြန် တရားစွဲခဲ့ပါတယ်။ 

မင်းသားကြီး ဂျွန်နီဒက်ပ်ကတော့ ဇနီးဟောင်းဟာ့ဒ်အပါအဝင် ဘယ်အမျိုးသမီးကိုမှ ရိုက်နှက်ခဲ့တာ မရှိဖူးကြောင်း ငြင်းဆိုထားပြီး  ဟာ့ဒ်ဟာ သူတို့ရဲ့ ဆက်ဆံရေးမှာ ကြမ်းတမ်းလာသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စက်ဟာ့ဒ်ရဲ့ နှုတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေကို မင်းသားဒက်ပ်က အမြဲကြုံနေရတာပါလို့ သူ့ရဲ့ ရှေ့နေက တရားရုံးမှာ နောက်ဆုံးပိတ် ချေပခဲ့ပါတယ်။ 

ဂျွန်နီဒက်ပ်က သူ့ကို အရက်ပုလင်းနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်တယ် ဆိုတဲ့ မစ္စက်ဟာ့ဒ်ရဲ့ တလွဲ စွပ်စွဲချက်တွေဟာ ရိုင်းစိုင်းပြီး အပိုတွေ လုပ်ပြောတာမျိုးအပြင် မယုံနိုင်စရာ ဖြစ်ပြီး ဟောလိဝုဒ်မှာရော ပရိသတ်တွေကြားမှာပါ သူ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တာဖြစ်ကြောင်း မင်းသားကြီးရဲ့ ရှေ့နေက ပြောပါတယ်။ 

မစ္စတာ ဒက်ပ်ဟာ မစ္စ ဟာ့ဒ် ပြောထားသလို အလွဲသုံးစားလုပ်တဲ့သူမျိုး မဟုတ်ဘူး ဆိုတာ ကမ္ဘာကြီးကို ပြောပြပြီး သူ့ရဲ့ဘဝကို ပြန်ပေးဖို့ တောင်းဆိုပါတယ်လို့ Vasquez က ပြောပါတယ်။ 

ဟာ့ဒ်ရဲ့ စွပ်စွဲချက်တွေဟာ သူ့ကို အရာအားလုံး ဆုံးရှုံးစေတယ်လို့ ဟောလိဝုဒ်မင်းသားကြီး ဒက်ပ်ကပြောခဲ့ပြီး ဒီအမှုကြောင့် "Pirates" ဇာတ်ကားသစ်ကိုလည်း ဆိုင်းငံ့ထားရကာ "Fantastic Beasts" ဇာတ်ကားမှာလည်း ဒက်ပ်ရဲ့ နေရာကို အစားထိုးခံထားရပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်လောက်က အသရေဖျက်မှုမှာ အမှုရှုံးခဲ့တဲ့ ဂျွန်နီဒက်ပ်ကို ဗြိတိသျှ အဝါရောင်သတင်းစာ The Sun မှာ သူ့ကို မိန်းမကိုရိုက်တဲ့သူ ဆိုပြီး တံဆိပ်ကပ်ခဲ့ပါတယ်။ လန်ဒန်တရားရုံးချုပ် တရားသူကြီးက သူဟာ ဟာ့ဒ်ကို အကြိမ်ကြိမ် စော်ကားခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအမှုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက ဝါရှင်တန်ပို့စ်သတင်းစာမှာ အမ်ဘာဟာ့ဒ် က အိမ်တွင်း အကြမ်းဖက်မှုအကြောင်း ပြောထားတဲ့ထုတ်ပြန်ချက်ကို သတင်းစာရဲ့ ထင်မြင်ချက်ကဏ္ဍမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

ဆောင်းပါးထဲမှာ ဂျွန်နီဒက်ပ်ရဲ့နာမည်ကို မဖော်ပြထားပေမယ့် ဒါဟာ အမ်ဘာဟာ့ဒ် က  ဒက်ပ်ကို ရည်ညွှန်းထားတာ ရှင်းနေတာပဲ လို့ သူ့ရှေ့နေတွေက ဂျူရီအဖွဲ့ဝင်တွေကို ပြောပါတယ်။ 

မင်းသားရဲ့ရှေ့နေတွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝါရှင်တန်ပို့စ် သတင်းစာကို ဗာဂျီးနီးယားပြည်နယ်၊ ဖယ်ရာဖက်ဇ်ကောင်တီမှာအမှုကို တင်သွင်းခဲ့ပါတယ်။ 

//
More News
Up