လီဗာပူးကို အနိုင်ယူပေးရန် အဲဗာတန်ပရိသတ်များ ဆန္ဒရှိလိမ့်မည်ဟု အန်စလော့တီပြော

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးအသင်းကို အနိုင်ယူပေးဖို့ အဲဗာတန်ပရိသတ်တွေ ဆန္ဒရှိလိမ့် မယ်လို့ ရီးရဲလ်နည်းပြ အန်စလော့တီကပြောပါတယ်။ 

အန်စလော့တီဟာ ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းရွှေ့ခင် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အဲဗာတန်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာပါ။ 

အဲဗာတန်အသင်းမှာ အမှတ်တရတွေရှိပြီး အဲဗာတန်ပရိသတ်တွေအနေနဲ့ လီဗာပူးကို အနိုင်ယူပေးဖို့ဆန္ဒရှိလိမ့်မယ်လို့ အန်စလော့တီက ပြောပါတယ်။ 

“ကျနော်ဟာ အဲဗာတန်အသင်းမှာ ကောင်းမွန်တဲ့အမှတ်တရတွေရှိခဲ့ပြီး ဗိုလ်လုပွဲမှာ သူတို့က ကျနော့်ကို အားပေးထောက်ခံနေမယ်ဆိုတာ သေချာပါတယ်။ လီဗာပူးမှာ ၂ နှစ်လောက်နေခဲ့ပြီး အဲဗာတန်သားတယောက်လို ခံစားချက်ရှိနေဆဲဖြစ်လို့ ဗိုလ်လုပွဲက ကျနော့်အတွက်တော့ ဒါဘီပွဲစဉ်လိုပါပဲ။” 

အန်စလော့တီဟာ ၁၉၈၄ ခုနှစ် ဗိုလ်လုပွဲမှာ လီဗာပူးအသင်းကို ကစားသမားတဦးအနေနဲ့ ရင်ဆိုင်ခဲ့ရသလို ၂၀၀၅ နဲ့ ၂၀၀၇ ခုနှစ်ဗိုလ်လုပွဲစဉ်တွေမှာ နည်းပြချုပ်အနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

အခုနှစ်ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာလည်း ပြိုင်ဘက်နည်းပြတဦးအနေနဲ့ လီဗာပူးကို ၃ ကြိမ်မြောက် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

//
More News
Up