Home
ဆောင်းပါး
အရေးကြီးအခြေအနေ ရောက်နေပြီဖြစ်တဲ့ အညာဒေသ
DVB
·
May 27, 2022

သမိုင်းထဲကအညာမြေ

လက်ရှိ နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်ဆန့်ကျင်‌ရေး ခုခံ‌တွန်းလှန်မှုတွေအကြောင်း ပြောကြရင် ကရင်နီပြည်နယ်၊ ချင်းပြည်နယ်တို့နည်းတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လို အညာဒေသကိုလည်း မေ့ထားလို့မရပါဘူး။ ဖက်ဆစ်တပ်ကို အထိနာအောင် တိုက်ခိုက်တဲ့နေရာမှာ အညာမြေဟာ ရွပ်ရွပ်ချွံချွံ ရှိလှပါတယ်။

တကယ်တော့ ဒီနွေဦးတော်လှန်ရေးကာလမှာမှ အညာဒေသဟာ ခုခံတွန်းလှန်ကြတာ မဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်ကျွန်ဖြစ်ပြီး နောက်ပိုင်းကာလတွေမှာလည်း တော်လှန်ဆန့်ကျင်မှုတွေဟာ အညာဒေသတခွင် အနှံ့အပြား ဖြစ်ပွားတည်ရှိခဲ့ပါတယ်။ သာဓကဆောင်ရရင် ဝန်းသိုနယ်က စော်ဘွားကြီးဦး‌အောင်မြတ်၊ နတ်မောက်က ဗိုလ်လရောင်၊ ရွှေဘိုနယ်က ထိပ်တင်မှတ်၊ ဗိုလ်လှဦး၊ ဗိုလ်ပျံချီ၊ အထက်ချင်းတွင်းနဲ့ မုံရွာနယ်တဝိုက်က ရွှေချိုးဖြူမင်းသား၊ မင်းဘူး စလေနယ်ဘက်က ဗိုလ်ဥတ္တမ၊ ရှိမ်းမကားက ဗိုလ်ရိမ် စသူတို့ ဦးဆောင်တဲ့ ခုခံတွန်းလှန်မှုတွေပဲ ဖြစ်ပါတယ်။ သူတို့တတွေဟာ အထက်ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူခဲ့တဲ့ အချိန်ကစပြီး နောင်ဆယ်နှစ်ဆယ်မိုး နီးပါးမျှ နယ်ချဲ့ကို တွန်းလှန်ခဲ့ကြတာပါ။ လက်နက်အင်အား၊ မမျှတဲ့တိုင် ရရာလက်နက်စွဲကိုင်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ကြတဲ့အတွက် နယ်ချဲ့အင်္ဂလိပ်တွေ အတော်လေး အထိနာခဲ့ပါတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ်ဟာ အိန္ဒိယကနေ အထူးတပ်ဖွဲ့‌တွေကို စေလွှတ်ပြီး အဲ့ဒီ ခုခံတွန်းလှန်မှုတွေကို ချေမှုန်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ် မဟုတ်ပါလား။ သူတို့ဟာ လက်နက်အင်အားနဲ့ နည်းဗျူဟာပိုင်းတွေမှာ လိုအပ်ချက်တွေရှိခဲ့တာ မှန်ပေမဲ့ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ မတရားမှုတွေ၊ ကျွန်ဇာတ်သွင်းမှုတွေကို မခံချင်ကြတဲ့အတွက် ရရာလက်နက်နဲ့ အသက်စွန့် ခုခံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ အညာဒေသက အညာသားတွေရဲ့ သမိုင်းဝင်၊ သမိုင်းတွင်ခဲ့ကြတဲ့ လှပရဲရင့်တဲ့ သမိုင်းဇာတ်ခုံပေါ်က မှတ်တမ်းတွေပဲ ဖြစ်ကြပါတယ်။

နွေဦးတော်လှန်ရေး

ကလေးမြို့ရဲ့ တာဟန်းခံတပ် တနေရာကနေ စစ်မိစ္ဆာတွေကို ပစ်ဖောက်လိုက်တဲ့ တူမီးသံဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ရှိတဲ့ တော်လှန်ရေးရဲဘော် အသီးသီးအတွက်  အချက်ပေး နှိုး‌ဆော်လိုက်တဲ့ တိုက်ပွဲခေါ်သံ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပုလဲ၊ ဂန့်ဂေါကအစ မြိုင်၊ မြောင်၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်မှသည် ကောလင်း၊ ဝန်းသိုအထိ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ခုခံရေး တိုက်ပွဲသံတွေဟာ အညာဒေသတခွင်မှာ ကျယ်လောင်လို့ လာခဲ့ပါတယ်။ လက်လုပ်သေနတ်၊ တူမီးသေနတ်တွေသာ ကိုင်ဆောင်ထားတဲ့ အညာသား‌တွေဟာ ထန်းပင်နဲ့ ချုံပုတ် အများစုရှိတဲ့ လယ်ကွင်းပြင်ကြီးတွေကို အကာအကွယ်ပြုပြီး ခေတ်မီလက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်မိစ္ဆာတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြပါတယ်။ နယ်မြေကျွမ်းကျင်မှု၊ ဒေသခံလူထု ထောက်ခံမှုတွေအပြင် စိတ်ဓာတ်ပိုင်းမှာလည်း အသာစီးရတာကြောင့် စစ်မိစ္ဆာတပ်တွေကို အတော်လေး အထိနာ‌အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီလို တူမီးသေနတ်၊ တတောင့်ထိုး လုပ်သေနတ်တွေသာ ကိုင်ဆောင်နိုင်တဲ့ အညာသားတွေရဲ့ စွမ်းဆောင်ရည်တွေကို တတိုင်းပြည်လုံးက အံ့အားသင့်ခဲ့ရပါတယ်။ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ရှေ့ဆုံးကနေ တိုက်ပွဲဝင်ရင်း ယခင်မျိုးဆက်တွေအတိုင်း   ဘမျိုးဘိုးတူ သွေးမကြောင်၊ ဘေးမရှောင်ကြောင်း အညာသားတွေက ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒါတင်မက တခြားဒေသတွေက ရဲဘော်ရဲဘက်တွေအတွက် နမူနာယူစရာ၊ စိတ်ခွန်အားပေးစရာ ဒေသတခုလည်း ဖြစ်လို့နေခဲ့ပါတယ်။

စစ်မိစ္ဆာတွေရဲ့ ရက်စက်ကြမ်းကြုတ်မှု

အဲဒီလို အားကောင်းတဲ့ ခုခံမှု‌တွေကြောင့် စစ်မိစ္ဆာတပ်ကို အကျအဆုံးများစေခဲ့သလို တဖက်မှာလည်း စစ်မိစ္ဆာတွေဟာ သူတို့ကို အထိနာစေခဲ့တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကို သူတို့ရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းဖို့ လုပ်‌ဆောင်လာပါတယ်။ အညာဒေသဟာ စစ်ပွဲတွေနဲ့ ကင်းဝေးနေခဲ့တာ နှစ်ပေါင်းဆယ်ချီ ရှိနေခဲ့ပါပြီ။ ဒီနွေဦးတော်လှန်ရေးမှာတော့ ထင်မှတ်မထားတဲ့ ဒီဒေသမှာ လက်နက်ကိုင် ခုခံမှုတွေ အားကောင်းလာခဲ့တာကို စစ်မိစ္ဆာတို့ ချောက်ချားလာပါတယ်။ ဒါကြောင့် အနော်ရထာစစ်ဆင်ရေး၊ အလောင်းမင်းတရား စစ်ဆင်ရေးတွေနဲ့အတူ ၂၀၂၁ မကုန်ခင်၊ မတ်လ ၂၇ မတိုင်ခင်၊ သင်္ကြန်မတိုင်ခင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အပြတ်ရှင်းဖို့ စသဖြင့် စီမံချက်တွေနဲ့ အစွမ်းကုန်ယုတ်မာဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လလောက်ကစပြီး အညာဒေသရဲ့ တချို့နယ်တွေမှာ အင်တာနက်လိုင်း ဖြတ်တောက်တာ၊ အင်တာနက်မြန်နှုန်း လျှော့တာတွေ ပြုလုပ်လာခဲ့ပါတယ်။ အခုဆိုရင် အညာဒေသက မြို့နယ်တော်တော်များများမှာ ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် PDF တွေရှိနေနိုင်တဲ့ ကျေးရွာတွေ၊ PDF တွေကို‌ ထောက်ပံ့တယ်လို့ သူတို့ယူဆတဲ့ ရွာတွေကို နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီး အလုံးအရင်းနဲ့ စစ်ကြောင်းထိုးပါတယ်။ အခုနောက်ပိုင်းမှာတော့ အရင်ကထက် ပိုပြီး ယုတ်မာကြမ်းတမ်းလာရာ ဟိုရွာ ဒီရွာဆိုပြီး ခွဲခြားမနေတော့ဘဲ သူတို့လမ်းကြောင်းမှာရှိတဲ့ တွေ့သမျှရွာတွေ အကုန်မီးရှို့၊ တွေ့သမျှ လူကြီး၊ လူငယ်၊ ကလေးမှန်သမျှ ပစ်သတ်ပါတော့တယ်။ PDF တွေဘက်က လက်နက်အင်အား မမျှတဲ့အတွက် အကျအဆုံးတွေလည်း အနည်းနဲ့အများဆိုသလို ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ စစ်မိစ္ဆာတွေဘက်ကလည်း ထင်မှတ်မထားလောက်အောင်ပဲ အကျအဆုံး များခဲ့ပါတယ်။ အညာလို လယ်ကွင်းပြင်တွေသာရှိတဲ့၊ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ အခြေမတည်တဲ့ နေရာမှာ လေကြောင်းကိုပါ သုံးရတယ်ဆိုတဲ့ အဆင့်ဟာ သူတို့ဘက်က ဘယ်လောက် အထိနာတယ်ဆိုတာ ပေါ်လွင်နေပါတော့တယ်။ ဆိုရရင် PDF တွေကို မြေလှန်ရှင်းပစ်ဖို့ဆိုတဲ့ စစ်မိစ္ဆာတွေရဲ့ စီမံချက်တွေဟာလည်း ယနေ့အချိန်အထိ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ တယောက်ကျရင် ဆယ်ယောက်တက်လာမယ် ဆိုတဲ့ PDF တွေကို အမြစ်ဖြတ်ချေမှုန်းဖို့ဆိုတာ ခုချိန်ထိ သူတို့အတွက် လက်တွေ့ ဖြစ်မလာသေးပါဘူး။

ဒီတော့ ကြံရာမရတဲ့အဆုံး အစွမ်းကုန်ယုတ်မာကြမယ့် စစ်မိစ္ဆာ‌တွေဟာ ကြွက်မနိုင်၊ ကျီမီးရှို့တဲ့အနေနဲ့ PDF တွေကို အမြစ်ဖြတ် မချေမှုန်းနိုင်ပေမဲ့ အညာဒေသက အရပ်သားပြည်သူ‌တွေကို ဖမ်း‌ဆီးသတ်ဖြတ်တာတွေ၊ ရွာစဉ်အလျှောက် ရွာလုံးကျွတ် မီးလောင်တိုက်သွင်းတာတွေကိုပဲ အရှိန်အဟုန်မြှင့် တိုးလုပ်လာပါတော့တယ်။ စစ်ရှောင်တွေ၊ အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ခံရမှု‌‌တွေဟာ  အညာတခွင်မှာ နေ့တိုင်းလိုလို ဖြစ်ပွားလို့နေပါတော့တယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ PDF တွေအနေနဲ့ ရွာတွေမှာ အခြေချလို့မရအောင်၊ အရပ်သားပြည်သူတွေ ဒုက္ခရောက်ပြီး PDF တွေကို ထောက်ပံ့မှုတွေ ဆက်မလုပ်နိုင်အောင်၊ ပြည်သူတွေ တော်လှန်ရေးမှာ မပါဝင်တော့ဘဲ အကြောက်တရားဝင်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ရက်ရက်စက်စက် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အရေးပေါ်ကူညီကြဖို့

ဒီလို စစ်မိစ္ဆာတပ်ရဲ့ အကြမ်းဖက် လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အိမ်တွေဆုံးရှုံး၊ ဘဝတွေဆုံးရှုံး၊ အသက်တွေဆုံးရှုံးနေတာတောင်မှ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အညာ‌သားတွေဟာ စိတ်ဓာတ်မာကျောစွာ၊ နာကြည်းမုန်းတီးစွာနဲ့ အဆုံးစွန် ပေးဆပ်ကြရင်း စစ်မိစ္ဆာတပ်ကို ရရာလက်နက်နဲ့ ခုခံတွန်းလှန်နေကြတုန်းပဲ ဖြစ်ပါတယ်။ ငါတို့အိမ်တွေကို မီးရှို့လို့ရပေမဲ့ ငါတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်ကိုတော့ မီးရှို့ပြာချလို့ မရဘူးဆိုတဲ့ ခံယူချက်တွေနဲ့ချည်းပါပဲ။ တယောက်ကျရင် ဆယ်ယောက်ထွက်လာမယ် ဆိုတဲ့ ပိုင်းဖြတ်ချက်တွေနဲ့ ရှေ့ဆက်နေကြတုန်းပါပဲ။ သို့ပေမဲ့ တဘက်မှာကလည်း ဒီလို စစ်ရေးအခြေအနေ ပြင်းထန်လာတာနဲ့အမျှ စစ်ရေးအရ လိုအပ်ချက်တွေကလည်း ရှိလာနေပါတယ်။ နေ့စဉ်နဲ့အမျှ တိုးပွားလာနေတဲ့ စစ်ရှောင်တွေကို ကူညီဖို့၊ ဒါ့အပြင် အထူးသဖြင့် စိတ်ဓာတ်အင်အား သာလွန်သည့်တိုင် လက်နက်အင်အား မမျှတတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ခေတ်မီလက်နက်၊ ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ စစ်မိစ္ဆာတွေဟာ အခုချိန်မှာ အတော်လေး ကြမ်းရမ်းယုတ်မာနေတာဖြစ်လို့ ကိုယ့်ဘက်က တန်ပြန်ခုခံရမယ့် အရှိန်အဟုန်ဟာလည်း တိုးလို့ ကြီးထွားလာနေပါတယ်။

အညာသားတွေဟာ သူတို့ဒေသတခုတည်း လွတ်မြောက်ဖို့အတွက် အခုလို ဒုက္ခဆင်းရဲမျိုးစုံခံပြီး လုပ်နေကြတာ မဟုတ်ပါဘူး။ သူတို့အပါအဝင် တတိုင်းပြည်လုံး စစ်ကျွန်ဘဝ မကျရောက်ဖို့ ပေးဆပ် တိုက်ပွဲဝင်နေကြရတာ ဖြစ်ပါတယ်။ ဒါကို တခြားဒေသက ပြည်သူတွေအနေနဲ့ အလေးအနက်ထားဖို့ လိုအပ်ပါတယ်။ Facebook ပေါ်မှာ comment ပေးရုံ၊ react ပေးရုံနဲ့တင် မလုံလောက်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တကယ်ထိရောက်မယ့် အကူအညီပေးကြဖို့ လိုအပ်‌နေပါတယ်။ ထိုနည်းတူ မြေပြင်စိုးမိုးမှုမရှိရင် လေလှိုင်းအစိုးရပဲဖြစ်နေဦးမယ့် NUG အနေနဲ့လည်း မြေပြင်ထိန်းချုပ်မှုအတွက် အလားအလာကောင်းနိုင်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ကို လက်နက်အင်အား၊ ငွေကြေးအင်အားနဲ့ ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ။ မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေ၊ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေ နားထောင်ပြီး အမြန်ဆုံး ဖြည့်ဆည်း‌ဆောင်ရွက်ပေးဖို့ လိုအပ်နေပါပြီ။ ထုတ်ပြန်ကြေညာချက်သက်သက် လုပ်နေရုံနဲ့တော့ အလုပ်မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိလို့နေပါပြီ။

လက်ရှိကာလ နွေဦးတော်လှန်ရေးရဲ့ ခုခံ‌တွန်းလှန်မှုတွေအကြောင်း ပြောကြရင် ကရင်နီပြည်နယ်၊ ချင်းပြည်နယ်တို့နည်းတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လို အညာဒေသကိုလည်း မေ့ထားလို့မရပါဘူး။ စစ်မိစ္ဆာတွေကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ဟာ လက်ရှိအခြေအနေမှာ အရေးကြီးတဲ့ ကာလတခုကို ရောက်ရှိနေပါပြီ။ NUG အပါအဝင် ကျန်ဒေသတွေက ပြည်သူတွေအနေနဲ့ အခုလို အရေးကြီးအချိန်မှာ ထိထိရောက်ရောက် မကူညီနိုင်ဘူးဆိုရင် နွေဦးတော်လှန်ရေးလမ်းကြောင်းဟာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ကြောင်း ပွင့်လင်းစွာ ဆိုပါရစေ။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024