Home
မြန်မာသတင်း
ဘူးသီးတောင်မြို့မှ ခမီကျောင်းသား ၁ ဦးအပါအဝင် ၃ ဦး ဆေးတက္ကသိုလ်တက်ခွင့်ရ
DVB
·
May 27, 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကနေ  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသား  ၃ ဦးအထိ ဆေးတက္ကသိုလ်တက်ခွင့်ရ ရှိခဲ့ကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဘူးသီးတောင်မြို့ မြို့မိမြို့ဘတဦးက "ဘူးသီးတောင်က ဆရာဝန် ဖြစ်ခဲ့ကြတာတော့ရှိတယ်။ ဒီလို ၃ ယောက်အထိ တပြိုင်တည်း ဆေးကျောင်းတက်ခဲ့ကြတာတော့မရှိခဲ့ဘူး။ ဒီနှစ်ကတော့ ၃ ဦးအထိ ဆေးကျောင်းဝင်တာ ပထမဆုံးအကြိမ်လို့ပြောလို့ ရတယ်။"လို့ ပြောပါတယ်။

ဆေးတက္ကသိုလ်တက်ခွင့်ရသူတွေကတော့  ၆ ဘာသာဂုဏ်ထူးရှင် မောင်မာမတ်အာယစ်၊ ၅ ဘာသာ ဂုဏ်ထူးရှင် မလွင်လွင်ပြုံးနဲ့ ဂုဏ်ထူး ၄ ဘာသာရခဲ့တဲ့ ဂန္ဓာရီ ပရဟိတ္တသင်တန်းကျောင်းမှ ကျောင်းသား မောင်ကျော်သန်းလင်းတို့ ဖြစ်ပါတယ်။

မောင်မာမတ်အာယစ်ဟာ အခု မေလ ၁၂ ရက်ကစပြီး ဆေးတက္ကသိုလ်(၂)မှာ  တက်ရောက်  ပညာသင်ကြားနေပြီလို့လည်း သူ့ရဲ့ အစ်ကိုဖြစ်သူကပြောပါတယ်။

ဂုဏ်ထူး ၄ ဘာသာရှင် ကျောင်းသား မောင်ကျော်သန်းလင်းဟာလည်း  ရမှတ်  ၄၈၅ မှတ်နဲ့ ရန်ကုန်ဆေးတက္ကသိုလ် (၂) မှာ တက်ခွင့်ရရှိ​ခဲ့ပြီး ခမီလူမျိုးတွေထဲမှာ ပထမဆုံးအကြိမ် ဆေးတက္ကသိုလ်တက်ခွင့်ရရှိခဲ့သူဖြစ်တယ်လို့ ခမီလူကြီးတွေထံက သိရပါတယ်။

အခုပညာသင်နှစ် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကျောင်းသားဆိုရင်  အမှတ် ၄၈၅ မှတ်၊ ကျောင်းသူဆိုရင်  ၅၀၅ မှတ် သတ်မှတ်ထားတာဖြစ်ပါတယ်။

မောင်တောကနေ ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ မလွင်လွင်ပြုံးကတော့  ၄၇၉ သာ ရတာကြောင့် ဆေးဝါးတက္ကသိုလ်တက်ရောက်ခွင့်သာရရှိခဲ့တဲ့အတွက် နယ်စပ်ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်လျှောက်ထားရာမှာ တက်ရောင်ခွင့်ရရှိခဲ့တယ်လို့ သူ့ရဲ့ဖခင်ဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတဝန်း တက္ကသိုလ်တွေ ကောလိပ်တွေကို ပြန်ဖွင့်နေရာမှာ ကျောင်းတက်တဲ့ ကျောင်းသားတွေရှိသလို စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းမတက်တဲ့ ကျောင်းသားတွေလည်း အများအပြားရှိပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024