စစ်ကိုင်းတိုင်း ကလေးမြို့မှာ လတ်တလောမှာ စစ်ကောင်စီတပ်က မြို့တွင်းနေရာအများအပြားမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးနေတာကြောင့် ခရီးသွားတွေနဲ့ မြို့နေပြည်သူတွေ စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲတွေ မေ ၂၆ ရက်မနက်ပိုင်းမှာ ဘုရင့်နောင်လမ်းဘေးက ကိုစိုးဆေးဆိုင်ရှေ့၊ သုခကမ္ဘာခန်းမရှေ့နဲ့ မြို့တွင်းနေရာအနှံ့အပြားမှာ လမ်းသွားလမ်းတွေနဲ့ ကုန်တင်ယာဉ်မောင်းတွေ ခရီးသွားယာဉ်တွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
“မနက် ၉ နာရီဝန်းကျင်လောက်က ရုတ်တရက်ရောက်ချလာတာ အင်းအားအများအပြားနဲ့ ထောင်ကားတွေရော ရဲတွေရော စစ်သားတွေရော အများကြီး။ လမ်းသွားလမ်းလာတွေကို စစ်နေတာ။ RPG လို့ ယူဆရတဲ့ လက်နက်ကြီးတွေကို ပခုံးကိုထမ်းထားတာ အဒေါ်တို့လည်း ကြောက်လို့ အိမ်ထဲမှာနေကြရတာ” လို့ လမ်းဘေးက ဈေးဆိုင်ရှင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်မှာလည်း မြို့တွင်းနေရာအများအပြားစစ်ဆေးနေပြီး လမ်းသွား လမ်းလာ အမျိုးသားလူငယ်တွေကို PDF လားဆိုပြီး စစ်ဆေးမေးမြန်း ခြိမ်းခြောက်နေတယ်လို့ စစ်ဆေးခံရတဲ့ လူငယ်တဦးက ပြောပါတယ်။
"ကျနော်က မြို့ထဲကိုသွားရာမှာ အမေ့သားမိုးကာဆိုင်ရှေ့မှာ သူတို့တွေကစစ်နေတယ်။ ကျနော့်ကို ရပ်ခိုင်းလို့ရပ်တယ်။ မင်းက PDF လား၊ လက်နက်တွေပါလား ဆိုပြီး မေးတယ်။ ဆိုင်ကယ်တူး ဘောက်တွေ ဖွင့်ခိုင်းတယ်၊ ပါတဲ့အထုတ်တွေ ဖြေပြရတယ်၊ ပုံစံအမျိုးမျိုးနဲ့ခြိမ်းခြောက်တယ်။”
စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့တွင်းမှာ မေ ၂၅ ရက်ညကလည်း တောင်ဖီလာ တောင်ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ပျက်စီးသွားပါတယ်။
စစ်ကောင်စီတပ်သားတွေ မြို့တွင်းမှာ စစ်ဆေးဖမ်းဆီးနေတဲ့အပေါ် ကလေး PDF ရဲ့ ပြန့်ကြားရေး တပ်ဖွဲ့ဝင်တဦးက “သူတို့က မြို့ထဲကိုပဲ ထိန်းချုပ်နိုင်လို့ မြို့ပေါ်မှာ အတင်းဖိနေတာ၊ နယ်တွေကို မထိန်းချုပ်နိုင်တော့ဘူး။ ဒါကြောင့် နယ်တွေကို လေယာဉ်တွေနဲ့တိုက်ခိုက်နေတာ၊ ကျနော်တို့လည်း အစွမ်းကုန်တော်လှန်တိုက်ခိုက်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကမြို့တွင်းမှာ စစ်ဆေးဖိနှိပ်နေတာကြောင့် မြို့နေလူထုမှာ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၀၀ ကျော် နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။