မော်လမြိုင်က စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲပြီးနောက် ဒေသခံ ၇ ဦးထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် ဒေသခံ ၇ ဦး ထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက  ပြောပါတယ်။

အဲဒီစစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးဟာ မေ ၂၆ ရက် မနက် ၁၀ နာရီခွဲက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတဲ့ ပြည်သူတွေ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့သလို မသင်္ကာလို့ဆိုပြီး ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့သူတွေကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမယ်လို့ ပြောဆိုလာတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်နယ် တောင်ပိုင်းတိုင်း UG အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီဘက်က မြို့အဝင်အထွက်နေရာတွေမှာလည်း ပိတ်ဆို့ ရှာဖွေစစ်ဆေးခဲ့သလို မြို့ပေါ် ရပ်ကွက် နေရာအသီးသီးမှာလည်း လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။

//
More News
Up