Home
မြန်မာသတင်း
အရာတော်မြို့နယ်နှင့် တမူးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား
DVB
·
May 26, 2022

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အိုင်ယားကျေးရွာမှာ ယာယီစခန်းချနေတဲ့ စစ်ကောင်စီအင်အား ၂၀၀ လောက်ကို   မေ ၂၅ ရက် ည ၁၂ နာရီလောက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်ဒုံးပျံPDF ခေါင်းဆောင်က ပြောပါတယ်။

“သူတို့ဘက်က အင်အား ၂၀၀ ကျော်ရှိမယ်။ ဒီပဲယင်းဘက်က ထွက်လာတဲ့ စစ်ကြောင်းနဲ့ ဘုတလင်မြို့နယ်ဘက်က ထွက်လာတဲ့စစ်ကြောင်း နှစ်ကြောင်း၊ အဲ့ရွာမှာ ယာယီတပ်စွဲနေတဲ့အချိန် ကျနော်တို့ သွားတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ လက်လုပ် လက်နက်ကြီး ၆ လုံးနဲ့ စပစ်ခတ်တယ်။ ပစ်ပြီး မကြာဘူး၊ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေ စာသင်ကျောင်းထဲ ဆွဲသွင်း ဆွဲသွင်းဆိုတဲ့ အော်တဲ့အသံ‌တွေ အတိုင်းသား ကြား‌ခဲ့ရတယ်။”

စစ်ကောင်စီ တပ်ယာယီတပ်စွဲနေတဲ့ အိုင်ယားကျေးရွာဟာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း စစ်ကြောင်းထိုးလာ‌တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို မိုးရွာထဲမှာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာလည်း  မေ ၂၄ ရက် မနက်က တမူးမြို့အထွက် သုံးမိုင်လောက်မှာ စစ်ကောင်စီတပ်နဲ့  တမူး-PDF တပ်ရင်း (၄)၊ ကျောင်းသားတပ်ဖွဲ့ (BSO)၊ Freedom Rangers – TAMU နဲ့ တမူး (ပ.ကဖ) မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တမူး-PDFကပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိမရှိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

စစ်ကောင်စီတပ်တွေဟာ အာရှလမ်းမကြီးတလျှောက် တမူးမြို့အဝင်ဆိုင်းဘုတ်အနီးကစပြီး လေးမိုင်အတွင်း တပ်စွဲထားတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နိုင်ကာ  စစ်ကောင်စီဘက်က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလာပါက ရင်ဆိုင်ခုခံဖို့ အသင့်ပဲလို့ တမူး PDF ကထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024