မွန်ပြည်နယ်၊ ရေးမြို့နယ်က ထွက်ရှိတဲ့ ဒူးရင်းသီးရာသီ အဖွင့်ဈေးမှာ စံချိန်တင်ဈေးတွေ ရရှိပေမဲ့ ဈေးကွက်မှာ အဝင်များလာတာကြောင့် ဒူးရင်းသီးဈေးတွေ ထက်ဝက်နီးပါးလောက် ဈေးပြန်လည်ကျဆင်းလာနေတယ်လို့ ဒေသခံ ကုန်သည်တဦးက ပြောပါတယ်။
ခြံသမားတဦးကလည်း "ရာသီအစတော့ အဖွင့်ဈေးက ရေးဒူးရင်းသီး ကျပ် ၅,၀၀၀ တန်တဲ့ဟာက အခု လက်ကားဈေး ကျပ် ၂,ဝဝဝ ကျော်ပဲ ရရှိတယ်။ ကျန်တဲ့ အလုံးငယ်တဲ့ဟာဆိုရင် ကျပ် ၁,၀၀၀ ကျော်လောက်ပဲ ရရှိတယ်။ ဒီလတွေက ဒူးရင်းသီး အဝင်များတဲ့ကာလဖြစ်တယ်" လို့ ပြောပါတယ်။
ရာသီဥတုဒဏ်ကြောင့် ဒူးရင်းသီးက ထွက်ရှိသင့်သလောက် မထွက်တဲ့အပြင် ပျက်စီးဆုံးရှုံးတာရယ်၊ အခုလို ကုန်ဈေးနှုန်းက ကြီးမြင့်တာရယ်၊ ရသင့်သလောက် မရကြဘဲ ဝင်ငွေထိခိုက်မှုတော့ ရှိတယ်လို့ ခြံသမား နောက်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရာသီအဖွင့်ဈေးက ကျပ် ၃,၀၀၀ အထိ ရကြပြီး ဒီနှစ် ဈေးကွက်မှာ တပိုင်တနိုင် ရောင်းဝယ်လုပ်သူတွေ များလာတဲ့အတွက် လက်ကားတင်ပို့မှုတွေမှာ ဈေးနှုန်းတွေကအစ အသီးပေါ်မူတည်ပြီး ဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်ကြသလို နယ်ကုန်သည်တွေရဲ့ တင်ပို့မှုတွေ ထင်သလောက် အကျိုးအမြတ် သိပ်မရကြဘူးလို့ ဆိုပါတယ်။
ထွက်ရှိလာတဲ့ ရေးဒူးရင်းသီးတွေကို မွန်ပြည်နယ်၊ ရန်ကုန်၊ ပဲခူးအထိ တင်ပို့ရောင်းချပြီး စစ်တပ်အာဏာသိမ်းတဲ့ ၁ နှစ်ကျော်ကာလအတွင်း စံချိန်တင်ဈေးတွေ ရရှိလာရာကနေ အခုတခါ ဈေးတွေ တဖန်ပြန်လည်ကျဆင်းလာခဲ့တာပါ။
ရေးမြို့နယ်မှာ ရိုးရိုးဒူးရင်းသီးအပြင် ထိုင်းမျိုးစပ် ဒူးရင်းသီးတွေကိုပါ တောင်သူတွေ စိတ်ဝင်တစား ပိုစိုက်ပျိုးလာကြပြီး ဒူးရင်းသီးရာသီချိန်ဆို နှစ်စဉ် သိန်းနဲ့ချီ ထွက်ရှိကြပါတယ်။