စိမ်း ဆိုမှ စိမ်း

အဘစောမူးသာ လှမ်းခေါ်တာနဲ့ ရွာ့တောင်ကျောင်းကို လိုက်ဖို့ ဖြစ်လာပါတယ်။ လိုက်ရမှာတော့ ခပ်လန့်လန့်ပါပဲ ခင်ဗျ။ 

ဟိုဘက်လတုန်းက အဘစောမူးသာက အဲသည်ကျောင်းထိုင်ဆရာတော်ရဲ့ တန်းလန်းကြီး ရပ်နေတဲ့ ဓမ္မာရုံကို အပြီးပြန်ဆောက်ပေးမယ်လို့ ပြောတော့ ဆရာတော်က အဟုတ်မှတ်ပြီး ဝမ်းသာအယ်လဲ မျက်နှာကြီးနဲ့ ‘လုပ်ငန်းစဖို့ နေ့ကောင်းရက်သာရွေးကွာ’ လို့ပြောတဲ့အခါ ‘မအလ မြေအောက်ရထား အုတ်မြစ်ချတဲ့နေ့မှာ တပည့်တော်တို့ လုပ်ငန်းစကြတာပေါ့ ဘုရာ့’ လို့ ပြောခဲ့ ဆိုကိုးဗျ။ အဲသလို ဆိုတော့။

“မလန့်ပါနဲ့ ဖေကြီးရာ . . . ငါတို့က ရပ်ဆွေရပ်မျိုး ငယ်ပေါင်းတွေပါဟ၊ ရင်ဘတ်ချင်းမတူပေမဲ့ ပြောလို့ဆိုလို့ ထေ့လို့ငေါ့လို့တော့ ရပါတယ်ကွ . . . ဟားဟား ဟားဟား ဟားဟား”

“ဘုရား ဘုရား ဘုရား . . .”

မျက်ခုံးတော့ခပ်လှုပ်လှုပ်ပါပဲ။ ဒီနေ့က အဘစောမူးသာတို့အိမ် ဆွမ်းချိုင့်အလှည့်ဆိုတော့ ဖေကြီးလည်း ဆွမ်းချိုင့်ကြီး ကူဆွဲပြီး လိုက်သွားရတော့တာပေါ့ ခင်ဗျာ။

“ဟိုရောက်ရင် ပုံမှန်သာနေ ဖေကြီး”

“ဟုတ်ကဲ့အဘ . . . ဒါနဲ့ ဆရာတော်ရဲ့ဘွဲ့က…”

“အေး . . . ' ဦးအစိမ်းတ ' တဲ့ကွ“

“ ‘ဦးစိတ္တ ' ဟုတ်လား အဘ“

“ ‘ဦးအစိမ်းတ’ ကွ . . .“

“ကြား မကြားဖူးပါဘူး အဘရာ၊ ဟဲဟဲ ဟဲဟဲ . . မင်းပြောတဲ့ ‘ဦးစိတ္တ’ပါပဲကွ။ ဒါပေမဲ့လို့ ကွယ်ရာမှာတော့ အဲသည်လို ' ဦးအစိမ်းတ ' လို့ပဲ ချစ်စနိုး ခေါ်ကြသဟ။ သူတို့အသိုင်းအဝိုင်းက ဟိုးအရင်တုန်း“မဆလ’ တွေပေါ့။ ပါတီကောင်စီခေတ်တုန်းက ရွှေထီးဆောင်းခဲ့ကြသူတွေပေါ့ဟ”

“ဟုတ်ကဲ့ အဘ”

“အေး . . . ၈၈ ပြီးတဲ့အခါ ‘တစည’တွေ ဖြစ်ခဲ့ပြန်တယ်။ နောက်ပိုင်းကျတော့ ' စိမ်းသရဖူစိမ်း ' တွေ ဖြစ်လာကြတာ အခုအထိပဲကွ”

“ ဒီလိုကိုး . . .”

“ အခုကျတော့ သူ့ကျောင်းရောက်ရင် တွေ့ပါလိမ့်မယ်၊ ခေါင်မိုးကော ခြံစည်းရိုးအုတ်တံတိုင်းတွေပါ ‘အစိမ်းရောင်’ သုတ်ထားတဲ့ စိမ်းသရဖူစိမ်း ကွ”

“ ကိုယ် သန်ရာ သန်ရာပေါ့ အဘရာ”

“ ဟားဟား ဟားဟား ဟားဟား . . .  ဒီဘုန်းဘုန်းကတော့ 'မအလ' ဘာလုပ်လုပ် အပြစ်မမြင် ချစ်ခင်တော်မူနေတဲ့ သူတွေထဲမှာ တကယ့်အမာခံပေါ့ကွ”

မြန်မာပြည် မြို့ရွာများစွာကို ဖြတ်သန်းခဲ့ဖူးသူဆိုတော့ အဲသည်လိုမျိုး ရဟန်းပုဂ္ဂိုလ်တွေ လူပုဂ္ဂိုလ်တွေ နေရာတိုင်းမှာ ရှိနေတတ်တာ ကြုံဖူးနေကျပါ ခင်ဗျ။ ဖေကြီးတို့ တက္ကသိုလ်တက်ဖက်တွေထဲမှာတောင် အဲသလို ‘စိမ်းသရဖူစိမ်း’ တွေ တစ်ဦးစ နှစ်ဦးစ ရှိနေသေးတာပဲဗျာ။

အစိမ်းတွေက ‘မအလ’ ဘာပဲလုပ်လုပ် လက်ခုပ်တီးကြတာ။ ‘ဇော်မဲလုံး’ ဘာပဲပြောပြော အမှန်ထင်ကြတာ။ ‘မိုးဟိန်း’ ဘယ်လိုဖြီးဖြီး အဟုတ်ကြီး ယုံကြတာ။

“ ဖက်ဆစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့လူငယ်တွေကို လမ်းပေါ်မှာ အသေကို ပစ်သတ်တာလို့ ငါတို့က ပြောတော့ ဘုန်းကြီးက ပြန်ပြောတယ်၊ ‘လမ်းပေါ်ထွက်လို့ ဒီလိုဖြစ်တာ၊ လမ်းပေါ် မထွက်ရင် ဘာမှမဖြစ်ဘူး၊ ဒီတော့ လမ်းပေါ်မထွက်ကြနဲ့ပေါ့ဟ’ တဲ့”

“ အဲ . . . . . .”

“ ‘အေး . . . ကိုယ့်အိမ်ထဲမှာကိုယ်နေရင် ဒီလိုတွေဘယ်ဖြစ်မလဲ’ တဲ့ဟ၊ မခက်ဘူးလား”

“ အင်း . . .”

ကျောင်းဝခြံစည်းရိုး အုတ်တံတိုင်းအစိမ်းနား ရောက်တော့ စကားစဖြတ်လိုက်ကြပါ၏။ ကျောင်းထဲမှာ တွေ့ရတဲ့ လူကြီးတစ်ရပ်နီးပါး အုတ်ရေကန်ကြီးမှာလည်း ထူးထူးဆန်းဆန်း အစိမ်းရောင်ကြီးပါလား ဟရို့။

“ လာဟေ့ စောမူးသာ . . . ဧည့်သည်လည်း ပါလာတယ် ထင်တယ်”

“ တင်ပါ့ဘုရား . . . ဒါ မြို့က တပည့်တော်တို့မိတ်ဆွေ ဖေကြီးပါ”

“ အိမ်း . . . လာလည်တာလား ကွဲ့။ ဘာလုပ်ငန်းများ လုပ်ကိုင်သလဲ”

ဖေကြီး ဖြေမလို့ ဟန်ပြင်ရုံရှိသေးတယ်၊  အဘစောမူးသာက ဦးအောင် ဖြေလိုက်ပါလေ၏။

“ သူက ' စာရေးဆရာ ' ပါ ဘုရာ့”

“ ဟေ . . . ဟုတ်လားဟ . . . ဘာတွေရေးတာလဲကွ”

“ တပည့်တော်က ' ဆောင်းပါး ' လေး ဘာလေး ရေးပါတယ် ဘုရာ့”

“ အိမ်း . . . ကောင်းတယ်ကွာ၊ ဒီရွာမှာကော ' ကုန်ကြမ်း ' တွေဘာတွေ မရဘူးလား မောင်ဖေကြီးရ”

သို့ဖြင့် စာအကြောင်းပေအကြောင်း၊ ကဗျာအကြောင်း၊ ဝတ္ထုအကြောင်းတွေ ပြော ဖြစ်ခဲ့ကြပါလေ၏။ ဆရာတော်က သူလည်း စာရေးဝါသနာပါကြောင်း အခြေအနေမပေး၍ ဘယ်စာစောင်မှာမှတော့ မပါဖူးပါကြောင်း၊ တစ်ခါ တစ်ခါ ကြုံဆုံလာသည့်ဇာတ်လမ်းလေးတွေဟာ စာနဲ့ရေးဖွဲ့လိုက်ရင် ဝတ္ထုတွေ၊ ဆောင်းပါးတွေ ဖြစ်သွားမှာဖြစ်ကြောင်း မိန့်တော်မူပါ၏။

“အေး . . . အတော်ပဲကွ မောင်ဖေကြီးရ၊ ညက ငါ့ကျောင်းကကြောင်ကြီး ခွေးကိုက်ခံရတယ်ကွ”

“ဟာ . . ' မောင်ညို ကြီး ' လားဘုရာ့“

“အေး . . . ဟုတ်တယ် မူးသာ”

“ဒီကောင်ကြီးက သိပ်လိမ္မာတာ၊ သိပ်ချစ်ဖို့ကောင်းတာ ဖေကြီးရ။ ဥပုသ်သည်တွေ တရားနာရင်လည်း သူလည်း ဝင်ပြီး ငြိမ်ငြိမ်သက်သက်လေး ထိုင်နေတာကွ”

“မူးသာ ပြောသလိုပဲကွ၊ ' မောင်ညို ကြီး'လို့ ခေါ်လိုက်ရင် ' ညောင်း ' ဆိုပြီး ဆွဲဆွဲငင်ငင်ကို ' ထူး ' တတ်တဲ့ကောင်ကြီးကွ၊ သူ့အကြောင်း စာရေးရရင် ကောင်းမယ်”

“တင်ပါ့ ဘုရား”

သို့ဖြင့် အဘစောမူးသာက ဆရာတော်ကို မေးပါလေတော့၏။ မောင်ညိုကြီး ရွာထဲလည်၍ ဘယ်သူ့အိမ်နားမှာ အကိုက်ခံရသနည်း၊ ဒဏ်ရာအခြေအနေ. . . စုံလင်စွာပေါ့ ခင်ဗျာ။

“ဘယ်မှမသွားတဲ့ကောင်ကြီးလေကွာ၊ ကျောင်းထဲမှာပဲနေတာ၊ အခုမင်းတို့တွေ တက်လာတဲ့ ကျောင်းအုတ်လှေကားကြီးရဲ့ အပေါ်ဆုံးထစ်မှာ အိပ်နေတာကို ခွေးတွေက ကျူးကျူးကျော်ကျော် တက်လာပြီး ကိုက်သွားတာကွ မူးသာရ”

“ ဟိ . . .”

ဆရာတော့်စကား ကြားတော့ အဘစောမူးသာ ပြုံးဖြဲဖြဲဖြစ်ကာ ‘ဟိ’ခနဲတောင်မှ အသံ ထွက်ကျလာပါလေ၏။ ဆရာတော်က မျက်မှောင်ကုတ်ကာကြည့်၏။

“ ဘာလဲ မူးသာ . . . ဘာဖြစ်လို့လဲ”

“အဲ . . . တစ်ခါကဟာကို သွားသတိရမိလို့ပါ ဘုရာ့”

“ဘာကိုတုံး ဟကောင်ရ”

“ လမ်းပေါ်ထွက်မှ ' အန္တရာယ် ' နဲ့ တည့်တည့်တိုးတာ၊ ကိုယ့်အိမ်မှာ ကိုယ်နေရင် ဘာအန္တရာယ်မှ မရှိဘူး ဘာမှမဖြစ်ဘူးဆိုတာကိုပါ ဘုရာ့”

“ ဟေ . . . . . .”

ဆရာတော်ကား ' ဟေ ' တစ်လုံးသာထွက်ကျလာပြီး တိတ်ဆိတ်သွားပါလေတော့၏။

အဘစောမူးသာက ဖေကြီးကိုပြုံးပြကာ ဆရာတော်၏ အချစ်တော် 'မောင်ညို ကြီး' အကြောင်းကို စာလုံးပေါင်းရန် တိုက်တွန်းလာပါလေတော့၏ ခင်ဗျာ။

“ ကဲ ကဲ . . . ဖေကြီးရေ . . . လိမ္မာယဉ်ကျေးတဲ့ မောင်ညို ကြီး၊ ဥပုသ်စောင့်တဲ့ မောင်ညိုကြီး၊ ခေါ်ရင်ထူးတဲ့ မောင်ညိုကြီး၊ လမ်းပေါ်မထွက်တဲ့ မောင်ညိုကြီး၊ ကိုယ့်ကျောင်းပေါ်မှာကိုယ် အေးအေးဆေးဆေး အိပ်နေတာကို ဆိုးသွမ်းတဲ့ ယုတ်မာတဲ့ ခွေးတိရစ္ဆာန်တွေ ရောက်လာပြီး ဝင်ကိုက်သွားတဲ့အကြောင်း ဘယ်လောက်များ ရေးလို့ ကောင်းလိုက်မလဲကွ . . . အာဟ အာဟ”

ဖေကြီး (လေရှီး)

//
More News
Up