ကလေးမြို့ နေအိမ်တလုံးပေါ် လက်နက်ကြီးကျည်ကျသဖြင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေ ၂၅ ရက်နေ့ညက စစ်ကောင်စီတပ်က တောင်ဖီလာတောင်ပေါ်ကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် တာဟန်းရပ်ကွက်က လူနေအိမ်တလုံးပေါ် ကျရောက်တာကြောင့် နေအိမ်ပျက်စီးသွားပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“လက်နက်ကြီးက ညအ‌စောပိုင်းမှာ ကျတာ၊ အိမ်ခေါင်မိုး ပျက်စီးသွားတယ်၊ လက်နက်ကြီးကြောင့် G group က မိသားစုဝင်တယောက်လည်း ဒဏ်ရာရထားတယ်” လို့ ရပ်ကွက်နေ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

မေ ၂၅ ရက် ညအစောပိုင်းကစပြီး ကလေးမြို့ရပ်ကွက်အချို့မှာ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် ည ၈ နာရီဝန်းကျင်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါလို့ ဆိုပါတယ်။

မေ ၁၀ ရက်နေ့ညကလည်း စစ်ကောင်စီတပ်ဖွဲ့က တောင်ဖီလာတောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် တာဟန်းဈေးအနီးက နေအိမ်တလုံးပေါ် လက်နက်ကြီး ကျရောက်ပြီး အိမ်ရှင်မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီ  ၂၉ ရက်နေ့ညကလည်း တာဟန်းရပ်ကွက် ဘူတာရုံလမ်းကြား ဧမာနွေလ ဘုရားကျောင်းအနီး နေအိမ်ပေါ်ကို တိုက်ပွဲတွင်းက လက်နက်ကြီးကျရောက်လို့ ဒေသခံတဦး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။

သတင်း-ဇာနည်ဖြိုးဝေ

//
More News
Up