ဒေသတွင်း စီးပွားရေး မြှင့်တင်မှုနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေ ပြန်လည်ပြုလုပ်နိုင်ဖို့ မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်နဲ့ တခြားနယ်စပ်ဂိတ်တွေကို လာမယ့်ဇွန် ၁ ရက်ကစ ပြန်လည်ဖွင့်လှစ်သွားဖို့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကော်မတီ (TBC) က သဘောတူညီလိုက်ပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒီသဘောတူညီမှုကိုတော့ ထိုင်းနိုင်ငံ ချင်းရိုင်အုပ်ချုပ်ရေးမှူး ပတ်စ်ခွန် ဘွန်ရာလပ်ခ်နဲ့ သက်ဆိုင်ရာဌာနတွေ၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကော်မတီ (TBC) ညှိနှိုင်းရေးမှူးတွေအပါအဝင် မြန်မာနိုင်ငံဘက်က တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့ တက်ရောက်ခဲ့တဲ့ အစည်းအဝေးအပြီးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် ၁၊ အမှတ် ၂ တံတားနှစ်စင်းနဲ့ မယ်ဆိုင်ခရိုင်ထဲက နောက်ထပ်ယာယီနယ်စပ်ဂိတ် ၅ ခုကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အဆိုပြုခဲ့ကြတာလို့ ဆိုပါတယ်။
တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ဇွန် ၁ ရက်နေ့ အပြည့်အဝ ဖွင့်လှစ်မှုမတိုင်ခင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့ ကနဦး စမ်းသပ်ဖွင့်လှစ်သွားဖို့ သဘောတူညီခဲ့ပြီး ချင်းရိုင်အုပ်ချုပ်ရေးမှူးကတော့ ဒေသတွင်း လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးဖြစ်တာမို့ ရောဂါကာကွယ်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ နယ်စပ်နိုင်ငံတွေက လည်ပတ်သူတွေကို ကြိုဆိုဖို့ အသင့်ရှိနေကြောင်းနဲ့ ကပ်ဘေးကာလအလွန် စီးပွားရေးအခွင့်အလမ်းတွေ ပြန်လည်ကောင်းမွန်လာဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း အထောက်အထား၊ ဒါမှမဟုတ် အန်တီဂျင်စမ်းသပ်စစ်ဆေးမှု ပြသရမှာဖြစ်ကာ အဲဒီလိုမှမဟုတ်ရင်တော့ ကွာရန်တင်းစောင့်ကြည့် ၅ ရက်ဝင်ရမှာလို့ ဆိုပါတယ်။ တခြားခရိုင်တခုခုကို ဆက်လက်ပြီး သွားလာချင်တယ်ဆိုရင်တော့ ခရီးသွားပတ်စ်ပို့နဲ့ ကာကွယ်ဆေးအထောက်အထားပါ တပါတည်းယူဆောင်လာဖို့ လိုတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးအဖွဲ့ (စီစီအက်စ်အေ) ကတော့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ဝင်ရောက်လာသူတွေဟာ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထား ပြသနိုင်ရမယ်လို့ ပြောလိုက်ပြီး စီစီအက်စ်အေက ပြီးခဲ့တဲ့ မေ ၁ ရက်က စတင်ပြီးတော့ ခရိုင် ၁၇ ခုထဲက နယ်စပ်ဂိတ် ၃၁ ခုကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားတာပါ။