ဘောလခဲမြို့ နန်းဖဲရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေ

ကယား(ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့၊ နန်းဖဲရွာအနီးမှာ မေ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ဝ ယောက်သေဆုံးကာ KNDF ဘက်က တယောက် ကျဆုံးတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

ဘောလခဲမြို့ကို ထောက်ပို့သွားတဲ့ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF တပ်ရင်း ၁၆ တို့ကြား တိုက်ပွဲပြင်းထန်လို့ KNDF တပ်ရင်း ၂ နဲ့ KPDF တို့က ဝင်ရောက်ကူညီ တိုက်ခိုက်ပေးခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ယာဉ်တစီး ပျက်စီးခဲ့ရသလို အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက "စစ်ကောင်စီတပ်က ဘောလခဲမြို့ဘက်ကို လမ်းမကြီးအတိုင်း ကားအစီး ၂၀ နဲ့ ရိက္ခာတွေတင်ပြီး ထွက်လာတာ။ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တဲ့သဘောပါ။ စစ်ကားတွေရဲ့ ရှေ့ကနေ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အဲ့မှာတင် စစ်ကောင်စီတပ်သား ၆ ဦးသေပြီး သူတို့ကားတစီးလည်း ပျက်စီးသွားတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခဲ့လို့ KNDF ရဲဘော်တဦး ကျဆုံးသွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တယောက်လည်း ကျဆုံးခဲ့တဲ့အပြင် လူနေအိမ် ၃ လုံးလည်း စစ်ကောင်စီရဲ့ ဖျက်ဆီးမီးရှို့ ခံလိုက်ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဘောလခဲမြို့မှာ အထိုင်စခန်းချထားတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်း ၁၆ မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေလို့ ပြည်သူတွေအနေနဲ့ ထောက်ပံ့ပေးစေချင်ပါတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF ရဲဘော်တဦးက တောင်းဆိုထားပါတယ်။

//
More News
Up