မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေခုနှစ်ပင်ကျေးရွာရှိ အတုမင်္ဂလာသီရိ မလိခကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဥူးဝဏ္ဏိဿရကို မေ ၂၅ ရက် ဒီနေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ ရေပြာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက လူဝတ်လဲခိုင်းပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံထံက သိရပါတယ်။
စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တွေက မမှန်သတင်းပေးလို့ ပုသိမ်-မုံရွာကားလမ်း ရေပြာလမ်းဆုံမှာ စစ်ကောင်စီရဲတပ်ဖွဲ့ကကြိုစောင့်ပြီး ဆရာတော်ကို ဖမ်းသွာတာလို့ ပေခုနှစ်ပင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်။ စစ်(…) တွေက NLD ထောက်ခံသူဆိုရင် PDF လို့ထင်ပြီး ဖမ်းဆီးနှိပ်စက်တာ။ ခု ဘုန်းဘုန်းက ဘယ်ဘက်မှမပါဘူးလို့ သိရတယ်။ ခုဆို ပေါက်တောင်ပိုင်းက ပြည်သူတွေဆိုရင် PDF လို့ စွပ်စွဲပြီး ပေါက်မြို့အဝင်အထွက်တွေမှာ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေတယ်။ ဒူးထောက်ခိုင်းတာတွေကအစ လုပ်နေတယ်။ ရေပြာဘက်မှာလဲ အဲလိုပဲလုပ်တယ်။"
ပေါက်မြို့နယ် မီးသတ်ဦးစီးဌာနက ဝန်ထမ်း ၄ ယောက်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မေ ၂၀ ရက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ် ဖေဖော်ဝါရီလကနေ ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်လောက်ရှိနေပြီး အခု မေလအတွင်းမှာ ၇၀ ကျော်လောက် မတရား ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။