Home
မြန်မာသတင်း
လစ်လပ်မဲဆန္ဒနယ် ၃၀ အတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်
ရွှေအောင်
·
March 20, 2014
တနိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ အတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို လာမယ့် ပွင့်လင်းရာသီမှာ ပြုလုပ်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။ “နယ် ၃၀ နယ်အတွက် ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ် ရှိတယ်။ ကျင်းပမယ်ဆိုရင် အနည်းဆုံးတော့ ၃ လကြိုပြီး ကြေညာပေးပါ့မယ်။ သဘောကတော့ ကျနော်တို့က ကျင်းပဖို့ရှိတယ်၊ ကျင်းပမယ့်နေ့ရက်ကိုတော့ မကျင်းပခင် ၃ လကြိုတင်ပြီး ကြေညာပေးပါ့မယ်။” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာ အမျိုးသားလွှတ်တော် ၆ နေရာနဲ့ ပြည်နယ်တိုင်း လွှတ်တော်တွေမှာ ၁၁ နေရာ လစ်လပ်နေတာ ဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လုံခြုံရေးကြောင့် မကျင်းပနိုင်ခဲ့တဲ့ ဖားကန့်၊ မိုးကောင်းနဲ့ ၀ိုင်းမော် နယ်မြေတွေ ပါဝင်ပါတယ်။ [caption id="attachment_53519" align="alignright" width="300"]ElectionCountingVotes ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ်[/caption] ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဖြေဆိုခဲ့သလို လွတ်တော်အပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလလောက် ကျင်းပနိုင်မယ်လို့ ထည့်သွင်း ဖြေဆိုခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရအောင်ပွဲခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုလိုက်ပါတယ်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆာင် ဦးဥာဏ်ဝင်းက “ကျနော်ကတော့ လွှတ်တော်ပဲဖြစ်ဖြစ် ဘယ်လွှတ်တော်ပဲ ဖြစ်ဖြစ် ပြည်သူ့ကိုယ်စားလှယ် လစ်လပ်နေတာ မကောင်းဘူးလေ။ အမြဲတမ်း ပြည့်နေဖို့ လိုတယ်လို့လည်း ထင်တယ်” လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒစိုးမိုးရေး ကြွေးကြော်ချက်နဲ့ ၀င်ရောက်ယှဉ်ပြိုင်ရာမှာ လစ်လပ်နေရာ ၄၅ နေရာအနက် ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲလုပ်တာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် စမ်းသပ်ချက်တခု ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ “တွက်ဆကြည့်လို့ ရတာကတော့ ၂၀၁၂ တုန်းကတော့ ကြားဖြတ်ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီက ရွေးကောက်ပွဲ ဇာတ်ခုံပေါ်တက်လာတဲ့အတွက် ဘယ်လောက်အထိများ အန်အယ်လ်ဒီရဲ့ ထိုးဖောက်မှု၊ လူထုအာရုံကျမှု ရှိမရှိဆိုတာ သိချင်လို့ ရွေးကောက်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်မှာ တခုပါတယ်လို့ ယူဆပါတယ်။ အခု ၂၀၁၄ ရွေးကောက်ပွဲမှာဆိုရင်လည်း ကျနော့်စိတ်ထဲမှာ ထင်တာကတော့ ကြံ့ခိုင်ဖွံ့ဖြိုးအဖွဲ့ဟာ သူတို့ ၂၀၁၅ ကျရင် လူထုကြားထဲမှာ ဘယ်လောက် ရေပန်းစားသေးလဲ၊ ဘယ်လောက်များ ရှိနိုင်သေးလဲဆိုတဲ့ ကန့်သတ်ချက်ပေါ့၊ အကဲဖြတ်တာပေါ့ အဲလိုပဲ ထင်မိပါတယ်။” ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးဟာ လွန်ခဲ့တဲ့လပိုင်းမှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တုန်းက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ် မရှိဘူးလို့ ဖြေဆိုခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024