ပခုက္ကူမြို့က ပြည်သူ ၂ ဦးကို PDF နှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အပြစ်မဲ့ပြည်သူ ၂ ယောက်ကို PDF နဲ့ ဆက်စပ်တယ်၊ ထောက်ပံ့တယ် စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့တွေက မေ ၂၃ ရက်မှာ မတရားဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့ အမှတ် ၂ ရပ်ကွက်၊ စာရေးတန်းလမ်းက ကိုဇော်ဇော်လွင် (ခေါ်) လုံးစိကို စစ်ကောင်စီတပ်သားတွေနဲ့ အပေါင်းပါတွေက မေ ၂၃ ရက် မွန်းလွဲ ၂ နာရီလောက်မှာ PDF ကို ငွေကြေးထောက်ပံ့တယ် စွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးသွားကြတယ်လို့ ပခုက္ကူမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မြောက်လူးကန်ကျေးရွာက ကိုပိုင်ဝေလင်း (ခေါ်) ငပိုင်ကိုလည်း စစ်ကောင်စီက မေ ၂၃ ရက် ညနေ ၄ နာရီလောက်မှာ PDF နဲ့ ဆက်နွယ်တယ် စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ယောက်ကို ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ပို့လိုက်တယ်လို့ သိရပြီး နည်းအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ အမည်မဖော်လိုတဲ့ ရဲတယောက်ဆီ သိရတယ်လို့ ပြောပါတယ်။

"အခုဟာက စစ်(…) တွေ ဂိတ်မှာစစ်ဆေးလို့ အဖမ်းခံရတာတွေကို မကတော့ဘူး၊ နေအိမ်တွေအထိပါ လိုက်လံဖမ်းဆီးနေကြတာ။ ပခုက္ကူခရိုင်အတွင်းက ပြည်သူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အကောင့်တွေကို D ထားပြီး အကောင့်အတုတွေကို အသုံးပြုရင် ကောင်းမယ်လို့ အကြံပြုချင်တယ်။"

မေလ ၂၁ ရက်နေ့ကလည်း ပခုက္ကူမြို့၊ အမှတ် ၃ ရပ် ကွက်၊ (ဂ) ကွင်း၊ ၇ လမ်းက မအေးအေးမာကို PDF ထောက်ခံအားပေးပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မမှန်သတင်းဖြန့်ဝေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားသလို အမှတ် ၁၁ ရပ်ကွက် ၇ လမ်းက ဦးအောင်ကျော် (ခ) ဦးကျော်သက်နဲ့ အမှတ် ၁၀ ရပ်ကွက် ရန်အောင်လမ်းက ဒေါ်တိုးကြည်တို့ကိုလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။

ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ် ဖေဖော်ဝါရီလကနေ ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်လောက်ရှိနေပြီး အခု မေလအတွင်းမှာ အယောက် ၇၀ လောက် မတရားဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

//
More News
Up