မျောက်ကျောက်ရောဂါ အကြောင်း သိထားသင့်သမျှ

ကိုဗစ်က ကာကွယ်ဆေးတွေလည်း ပေါ်လာပြီ ကာကွယ်ဆေးတွေလည်း ထိုးပြီးလို့ ကမ္ဘာကြီးက အသက်ရှူချောင်လာပြီလို့ ယူဆနေချိန်မှာ မျောက်ကျောက်ရောဂါက ကမ္ဘာကို ရိုက်ခတ်နေပြန်ပါပြီ။ အခုလက်ရှိ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါအကြောင်း သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။

မျောက်ကျောက်ရောဂါ ဆိုတာ

မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။ Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။

မျောက်ကျောက်ရောဂါကို 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။

မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ [Democratic Republic of the Congo (DRC) ] မှာ လူတွေမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ကျောက်ရောဂါ ပပျောက်ရေး အစွမ်းကုန်ကြိုးပမ်းနေချိန်မှာ စဖြစ်ပွားခဲ့တာပါ။ ထိုစဉ်ကတည်းက မျောက်ကျောက်ရောဂါဟာ အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိက နိုင်ငံတွေ ဖြစ်ကြတဲ့ ကွန်ဂို၊ ဂေဘွန်၊ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ဆီယာရာလီယွန်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာပါ။ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာတော့ အများဆုံး ကူးစက်ဖြစ်ပွားခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု၊ အစ္စရေး၊ စင်ကာပူ နဲ့ ယူကေ အပါအဝင် အာဖရိက ပြင်ပနိုင်ငံတွေမှာ လူသားတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ့ရှိရတာက ကမ္ဘာလှည့် ခရီးသွားလာမှုတွေနဲ့ တိရစ္ဆာန် တင်ပို့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသက ကိုက်ဖြတ်စား သတ္တဝါမျိုးစိတ်တွေနဲ့ မျောက်လိုမျိုး လူသားမဟုတ်တဲ့ ပရိုင်းမိတ်မျိုးစိတ်တွေကနေတဆင့် လူသားတွေဆီကို ကူးစက်တာဖြစ်နိုင်ပါတယ်။

မျောက်ကျောက်ရောဂါ လက္ခဏာများ

လူသားတွေမှာ ခံစားရတဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ကျောက်ရောဂါလောက်တော့ မပြင်းထန်ပါဘူး။ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ရောဂါ ကူးစက်ခံရပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်သလို ရောဂါကူးစက်ခံရပြီး ၅ ရက်ကနေ ၂၁ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။

မျောက်ကျောက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အစောပိုင်း ကာလမှာ

  • ဖျားတာ
  • ခေါင်းကိုက်တာ
  • နောက်ကျောတွေ ခါးတွေ နာတာ
  • ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ
  • ချမ်းတုန်တာ
  • ခြေကုန်လက်ပမ်းကျတာ၊ မောပန်းလွယ်တာတွေ ခံစားရနိုင်ပါတယ်။

အဖျားဝင်ပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ

ဒီလို အဖုအပိမ့်တွေ ထွက်လာပြီးတဲ့ နောက်မှာတော့ နောက်ထပ် အဆင့်တွေအနေနဲ့

  • အသားအရေ အရောင်ပြောင်းတာ
  • အနာစက်တွေ ထွက်လာတာ
  • အရည်ကြည်ဖုတွေ ထွက်လာတာ
  • ပြည်တည်နာလို ပြည်ဖုလေးတွေ ဖြစ်လာတာ
  • အနာတွေ ဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီ မျောက်ကျောက်ရောဂါကို သီတင်းပတ် ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ခံစားရနိုင်ပါတယ်။ ၄ ပတ်လောက် အကြာမှာ ပြန်သက်သာသွားတာမျိုး ရှိပါတယ်။ အာဖရိကမှာတော့ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးလောက် သေဆုံးတာမျိုး ရှိပါတယ်။

မျောက်ကျောက်ဗိုင်းရပ်စ် ဘယ်လို ကူးစက်သလဲ

မျောက်ကျောက်ဗိုင်းရပ်စ်က ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်၊ လူတွေနဲ့ ထိတွေ့တာ၊ ရောဂါပိုး ပေကျံနေတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ကိုင်တွယ်ထိတွေ့မိတာတွေကနေ ကူးစက်နိုင်သလို အရေပြား ပေါက်ပြဲတဲ့နေရာတွေကနေတဆင့်လည်း ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်က မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်ပြီး ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်တွေ အသက်ရှူ လမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကနေ ဝင်ရောက်တာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

တိရစ္ဆာန်ဆီကနေ လူသားတွေဆီကိုတော့ ကိုက်မိတာ၊ အနာထဲကို သွေး၊ ခန္ဓာကိုယ်က အရည်တစ်မျိုးမျိုး ဝင်ရောက်တာ၊ ကုတ်မိတာ၊ အသားကို စားမိတာ၊ နမ်းရှုံ့တာတွေကနေ ကူးစက်နိုင်ပါတယ်။ ကိုင်တွယ်ထိတွေ့မှုတွေကြောင့်လည်း ကူးစက်နိုင်ပါတယ်။ အရည်ကြည်ဖုက အရည်တွေ ပြည်တွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့မိတာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

မျောက်ကျောက်ရောဂါ ဘယ်လို ကာကွယ်မလဲ

မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါ

  • တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့ ( အထူးသဖြင့် ဖျားတာနေတာ၊ သေဆုံးနေတဲ့ သတ္တဝါတွေကိုပါ)
  • ဖျားနာနေတဲ့ တိရစ္ဆာန် (သို့မဟုတ်) လူ အသုံးပြုထားတဲ့ အသုံးအဆောင်တွေကို ကိုင်တွယ်ထိတွေ့ အသုံးပြုတာမျိုး မလုပ်ပါနဲ့
  • ရောဂါပိုး ကူးစက်ခံထားတယ်လို့ သံသယရှိတဲ့ တိရစ္ဆာန် (သို့မဟုတ်) လူကို သီးခြား ခွဲထားပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။ ဥပမာ – ရောဂါပိုး ရှိတဲ့ လူ၊ တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ပြီးတဲ့အခါ၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတဲ့အခါ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာဆေးကြောပါ။ ရေမရနိုင်ဘူးဆိုရင် ရေမလို လက်သန့်ဆေးရည် သုံးပါ။
  • အကာအကွယ်တွေ ဝတ်ဆင်တာမျိုး လုပ်ပေးပါ။

ဘယ်လို ကုသမလဲ

လက်ရှိမှာတော့ ကုသနိုင်တဲ့ နည်းလမ်း ရေရေရာရာ မရှိသေးပါဘူး။ ထိန်းချုပ်တဲ့အနေနဲ့တော့ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို အသုံးပြုတာ၊ antivirals and vaccinia immune globulin (VIG) တို့ကို အသုံးပြုတာမျိုးတွေ ရှိပါတယ်။

လက်ရှိမှာ အသုံးပြုနေတဲ့ ကုထုံးတွေက လက္ခဏာတွေကို သက်သာစေရုံသာဖြစ်ပြီး အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ကုထုံး ခံယူပြီး ၂ ပတ် ကနေ ၄ ပတ်အတွင်းမှာ အများစုက သက်သာလာကြပါတယ်။

မျောက်ကျောက်ရောဂါလို့ သံသယရှိမယ်ဆိုရင် သီးခြား ခွဲနေပြီး ဆရာဝန်နဲ့ ကုသမှု ခံယူဖို့ လိုပါမယ်။

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

//
More News
Up