ပေါင်မြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်သဖြင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီး

မွန်ပြည်နယ် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှာ မေ ၂၄ ရက် မနက် ၁၁ နာရီခွဲက လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် လူနေအိမ်အလုံး ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက  ပြောပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်တဲ့အတွက် ဘုန်းကြီးကျောင်း တကျောင်းအပါအဝင် လူနေအိမ် အလုံး ၁၀၀ ကျော် အမိုးလန်တာနဲ့ ယိုင်လဲတာတွေ ဖြစ်ပေါ်ခဲ့သလို အဲဒီထဲမှာတော့ လူနေအိမ် ၃ လုံး နေလို့ မရတော့အထိ ပြိုကျ ပျက်စီးခဲ့တာပါ။

ပြိုကျ ပျက်စီးသွားတဲ့ လူနေအိမ်ရှိ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် အလှပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာ အခြေအနေကတော့ အသက်အန္တာရယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

လေဆင်နှာမောင်း ဒဏ်ကြောင့် လေဘေးသင့်ခဲ့တဲ့ ပြည်သူတွေကို နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ ပြောင်းရွှေ့ နေရာချထားပါတယ်။

လက်ရှိမှာတော့ ထိခိုက်ပျက်စီးသွားနေတဲ့ လူနေအိမ်တွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဌာနတွေနဲ့ ဒေသတွေက ရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။

ပင်လယ်ကမ်းစပ်အနီးရှိတဲ့ ပေါင်မြို့နယ် အလှပ်ကျေးရွာဟာ နှစ်စဉ် လေဆင်နှာမောင်းဒဏ်ကို ရင်ဆိုင်နေရသလို ပြီးခဲ့တဲ့ ဧပြီလကလည်း မိုးသက်လေပြင်း ကျရောက်တဲ့အတွက် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

//
More News
Up