DVB Logo
Home
မြန်မာသတင်း
ဂျပန်စစ်သင်တန်းဆင်း မြန်မာလေတပ်အရာရှိ ၁ ဦး လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ရာတွင် ဦးဆောင်ပါဝင်နေ
DVB
·
May 24, 2022
ဂျပန်စစ်သင်တန်းဆင်း မြန်မာလေတပ်အရာရှိ ၁ ဦး လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ရာတွင် ဦးဆောင်ပါဝင်နေ
Donate to DVB

ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့သူတွေထဲက တယောက်ဖြစ်တဲ့  စစ်ကောင်စီလေတပ်မှ ဒုဗိုလ်မှူးကြီး လွှမ်းမိုး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့ပြည်သူတွေအပေါ်  တရားလက်လွတ် လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။

ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်က အရာရှိတွေကို စစ်သင်တန်းပေးနေတဲ့ အစီအစဉ်ကို ချက်ချင်းရပ်ဖို့နဲ့ သင်တန်းအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ တခြားသင်တန်းသားတွေကိုလည်း နိုင်ငံတကာစစ်ပွဲဥပဒေကို ချိုးဖောက်ပြီး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသင့်တဲ့အကြောင်း Human Rights Watch နဲ့ Justice For Myanmar အဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။

All Japan Defense Association နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့ မှတ်တမ်းကနေ သိရှိရတဲ့ အချက်အလက်တွေအရ မြန်မာ့လေတပ်မှ ဒုဗိုလ်မှူးကြီးလွှမ်းမိုးဟာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ ၂၀၁၇ ခုနှစ်၊ မတ်လအထိ ဂျပန်နိုင်ငံရှိ လေတပ်ဌာနချုပ်နဲ့ စစ်ဦးစီးကောလိပ်တို့မှာ သင်တန်းတက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ဂျပန်မှာသင်တန်းတက်ခဲ့တဲ့ စစ်ကောင်စီလေတပ်က ဒုဗိုလ်မှူးကြီး လွှမ်းမိုး ဟာ လက်ရှိ မကွေးလေတပ်စခန်းဌာနချုပ်မှာ ဒုတိယလေတပ်စခန်းဌာနချုပ်မှူး အဖြစ် တာဝန်ယူထားသူလည်း ဖြစ်တယ်လို့ဆိုပါတယ်။

ဂျပန်အစိုးရအနေဖြင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှ ဗိုလ်လောင်းတွေနဲ့ အရာရှိတွေကို ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာ ဥပဒေအရ လက်ခံခဲ့ပြီး စစ်ပညာသင်ကြားပေးခဲ့တာပါ။

ဒီဥပဒေက ကာကွယ်ရေးဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကျောင်းတွေမှာ နိုင်ငံခြားတိုင်းပြည်တွေက သင်တန်းသားတွေကို သင်တန်းပေးတာနဲ့ ပညာသင်ကြားတာကို ခွင့်ပြုပေးထားတာပါ။

ဒါပေမဲ့ ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် အတွင်းမှာ ဗိုလ်လောင်း ၂ ဦး အပါအဝင် အရာရှိ ၂ ဦး ကိုလက်ခံခဲ့ပါတယ်။ ဒီ့အပြင် ၂၀၂၂ ခုနှစ်မှာလည်း နောက်ထပ် ဗိုလ်လောင်း ၂ ဦးနဲ့ အရာရှိ ၂ ဦးကို သင်တန်းပေးဖို့ ထပ်မံလက်ခံခဲ့ပါသေးတယ်။ 

ဒါကြောင့် ဂျပန်အစိုးရရဲ့ သင်တန်းအစီအစဉ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ဂျပန်နိုင်ငံဟာ ကြံရာပါဖြစ်နိုင်တာကြောင့် ဒီသင်တန်းအစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းဖို့ ဂျပန်အစိုးရထံ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တောင်းဆိုခဲ့ပါတယ်။ 

အဆိုပါတောင်းဆိုမှုနဲ့ပတ်သက်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတဦးကတော့ သူတို့အနေနဲ့ ဂျပန်နိုင်ငံမှာ လေ့ကျင့်သင်ကြားခဲ့တဲ့ ဗိုလ်လောင်းတွေနဲ့ အရာရှိတွေဟာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် သူတို့ရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့  ဘာသတင်းအချက်အလက်မှ မရရှိခဲ့ကြောင်း တုံ့ပြန် ဖြေကြားခဲ့ပါတယ်။

ဧပြီ ၂၆ ရက်က လုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မတီ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန တာဝန် ရှိသူတဦးက ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှာ လေ့ကျင့်သင်ကြားခဲ့တဲ့ မြန်မာစစ်တပ်မှ ဗိုလ်လောင်းတွေနဲ့ အရာရှိတွေဟာ လက်ရှိမှာ ဘယ်လို ရာထူးတာဝန်တွေ ရယူထားကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာနက အတိုင်းအတာတခုအထိ သိရှိတယ်လို့ ပြောပေမဲ့ တခြားနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံရဲ့ ဆက်ဆံရေးကြောင့် အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ 

Human Rights Watch အဖွဲ့ရဲ့ အာရှအစီအစဉ် အရာရှိဖြစ်သူ တပ်ပီကာဆိုင်းက “ဂျပန်နိုင်ငံအဖို့ မြန်မာစစ်တပ်က ရှည်လျားတဲ့ သမိုင်းကြောင်းတလျောက် စစ်ရာဇဝတ်မှုတွေကို အရေးယူမခံရဘဲ ကျူးလွန်နေကြောင်း လုံလောက်တဲ့ သက်သေအထောက်အထားတွေ ရှိနေပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ စစ်သင်တန်းအစီအစဉ်မှာ ဒီအကြမ်းဖက် မြန်မာစစ်တပ်ကို ထည့်ထားတာဟာ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ဂျပန်နိုင်ငံကို ကြံရာပါ ပတ်သတ်စေတဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။ ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ သူတို့ရဲ့ သင်တန်း အစီအစဉ်တွေက မြန်မာစစ်တပ်ရဲ့ ရိုင်းစိုင်းတဲ့ ဓလေ့စရိုက်ကို ပြောင်းလဲနိုင်လိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ်မရှိ တောင့်တနေတဲ့ အတွေးတွေကို စွန်းလွှတ်သင့်ပါပြီ” လို့ ပြောပါတယ်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို သိလျက်နဲ့ မြန်မာစစ်တပ်ရဲ့ ဗိုလ်လောင်းတွေကို ဆက်ပြီး လေ့ကျင့်ပေးနေတာကို ဂျပန်နိုင်ငံအနေနဲ့ ဆင်ခြေ ဆင်လက်တွေပေးပြီး ကာကွယ်ပြောဆိုနေတာက လုံးဝ လက်ခံနိုင်စရာမရှိပါဘူး။ ဂျပန်အစိုးရရဲ့ ဗိုလ်လောင်းသင်တန်းအစီအစဉ်က စစ်ကောင်စီကို ပိုပြီး အတင့်ရဲစေပါတယ်။ အဲ့ဒီ့စစ်သင်တန်းတွေကို ချက်ချင်းရပ်တန့်ဖို့၊ မြန်မာစစ်တပ်နဲ့ သူရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ စီးပွားရေးလုပ်ကိုင်တာတွေ အဆုံးသတ်ဖို့ အပါအဝင် မြန်မာစစ်တပ်က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကို ရပ်တန့်ဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူ ဆောင်ရွက်မှု တွေ အမြန်ဆုံး လုပ်ဆောင်ဖို့အတွက် ဂျပန်အစိုးရကိုတောင်းဆိုပါတယ်” လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ၊ ကရင်ပြည်နယ်စတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် တရားလက်လွတ် ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်၊ မီးရှို့လူသတ်မှုအပါဝင် တခြားသော ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်နေတာပါ။

မကွေးတိုင်းဒေသကြီးအတွင်းမှာလည်း လေကြောင်းတိုက်ပွဲတွေ အပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ  ၅၀၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013