Home
မြန်မာသတင်း
မွန်ပြည်နယ်နေ့အခမ်းအနား သမ္မတ သ၀ဏ်လွှာပေးပို့
နန်းမြနဒီ
·
March 19, 2014
ဒီမိုကရေစီကျင့်စဉ် ရင့်ကျက်လာတဲ့အခါ ပြည်ထောင်စု ဥပဒေပြုခွင့်နဲ့ ပြည်နယ်ဥပဒေပြုခွင့် အဆင့်ဆင့်ပေးအပ်သွားမှာဖြစ်ကြောင်းနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ရောက်ရှိစေမှာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က မွန်ပြည်နယ်နေ့ခမ်းအနားကို သ၀ဏ်လွှာပေး ပို့လိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ နှစ် ၄၀ မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကို မွန်ပြည်နယ်အစိုးရက ဦးစီးပြီး သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေမှာ ကျင်းပနေတာပါ။ အစိုးရ ဆောင်ရွက်နေတဲ့ ဘက်စုံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းနဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မွန်ပြည်သူတွေ ပါဝင်အကောင်အထည်ဖော်ကြဖို့လည်း သမ္မတက တိုက်တွန်းထားပါတယ်။ [caption id="attachment_53499" align="alignright" width="300"]ဓာတ်ပုံ - Mon Youth Progressive Organization ဓာတ်ပုံ - Mon Youth Progressive Organization[/caption]သမ္မတရဲ့ သ၀ဏ်လွှာပါအချက်နဲ့ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆလိုင်းရွှေခါးက စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအတွက် ဥပဒေပြုရေးအာဏာ သာမကဘဲ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအာဏာတွေကိုလည်း ပြည်နယ်တွေကို ခွဲပေးဖို့လိုတယ်လို့ ထောက်ပြပါတယ်။ “ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုနဲ့ပြည်နယ်တွေကြားမှာ အာဏာခွဲဝေမှုက အဓိက လက္ခဏာတခုပေါ့။ အာဏာခွဲဝေတယ်ဆိုတဲ့နေရာမှာ အုပ်ချုပ်ရေးအာဏာရယ်၊ ပြီးတော့ ဥပဒေပြုရေးအာဏာရယ်၊ တရားစီရင်ရေး အာဏာရယ်၊ မဏ္ဍိုင် ၃ ခုလုံးတော့ အကုန်လုံးပါရမှာပေါ့။ ဥပဒေပြုရေး အာဏာတခုတည်း ပြုပြင်ပြောင်းလဲပြီးတော့ ဖက်ဒရယ်ဖြစ် လာမှာ မဟုတ်ဘူး ၊ ၃ ခုစလုံး ပြုပြင်ပြောင်းလဲမှပဲ ရမှာ။” မွန်ဒီမိုကရေစီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်စိုးမြင့်က မွန်ပြည်နယ်မှာ ဖက်ဒရယ်စနစ်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိမှာသာ မွန်ပြည်နယ်နေ့ရဲ့ အနှစ်သာရပေါ်လွင်မယ်လို့ ပြောပါတယ်။ “မွန်အမျိုးသားတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိမှ စစ်မှန်တဲ့ ဖက် ဒရယ်ပြည်ထောင်စုဖြစ်မှာ။ မွန်အမျိုးသားတွေ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသေးတဲ့ပေါ်မှာ ပြည်နယ်နေ့က အနှစ်သာရကင်းမဲ့နေတော့ မွန်ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်မှုအားနည်းနေတာပေါ့။” မွန်ပြည်နယ်ဟာ လွတ်လပ်ရေးရစက တနင်္သာရီတိုင်းအတွင်းမှာ ပါဝင်ခဲ့တာပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ၁၉၇၃ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ မွန်ပြည်နယ်အဖြစ် စတင်သတ်မှတ်ခြင်းခံခဲ့ရပြီး အဲဒီနေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မွန်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်ကို မွန်ပြည်နယ် အစိုးရရုံးအဖွဲ့ ဒုညွှန်မှူး ဦးထွန်းဝေက “မွန်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြချင်တာရယ်၊ စက်စဲရဲ့ သာယာ လှပတဲ့ ရှုခင်းတွေလည်း ပြချင်တာရယ်၊ စည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညီညီညွတ်ညွတ်ဆောင်ရွက်နိုင်တာရယ် အဲဒီအချက်တွေပါ။ ဒေသခံတွေအားလုံးလည်း လာရောက်ပြီးတော့ ကြည့်ရှုနိုင်တာပေါ့နော်၊ ဒါလေးတွေ ရည်ရွယ်ပြီးတော့ လုပ်တာပါ” လို့ ပြောပါတယ်။ အခမ်းအနားမှာ ပြည်နယ်အစိုးရ၊ ၀န်ကြီးတွေနဲ့ ရပ်မိရပ်ဖတွေ၊ အပစ်အခတ်ရပ် မွန်၊ ကရင် အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ၊ မွန်နိုင်ငံရေးပါတီဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024