ရွာငံမြို့တွင် လူမနေသည့် နေအိမ် ၂ လုံးကို PDF နေအိမ်ဟုဆိုပြီး စစ်ကောင်စီချိပ်ပိတ်

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်  မြင်းကျဒိုးကျေးရွာမှာ ပြည်သူတွေရဲ့ နေအိမ် ၂ လုံးကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က PDF တွေရဲ့ နေအိမ်ဆိုပြီး ဆေးမှုတ်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြင်းကျဒိုး ကျေးရွာရှိ မိသားစုတချို့ဟာ စားဝတ်နေရေး အခက်အခဲကြောင့် ရပ်ဝေးမှာ သွားရောက်အလုပ် လုပ်ကိုင်နေကြချိန် နေအိမ်တွေမှာ လူမရှိဘဲ ဒီအတိုင်းထားခဲ့ရတာကို အခွင့်အရေးယူပြီး စစ်ကောင်စီနဲ့ လက်ပါးစေပျူစောထီးတွေက PDF အကြမ်းဖက်အိမ်ဆိုပြီး ရေးသားချိပ်ပိတ်ကာ အိမ်တွင်းရှိ ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ပိုင်ရှင်တဦးက “အိမ်မှာ လူမရှိတာက ၆ လလောက်ရှိပါပြီ။ မိသားစု စားဝတ်နေရေးအတွက် တခြားဒေသမှာ အလုပ်သွားလုပ်နေတာကို PDF နေအိမ်လို့ စွပ်စွဲပြီး အိမ်ကို ချိပ်ပိတ်သွားတာ။ တကယ်မဟုတ်ဘဲ စွပ်စွဲခံရလို့  စိတ်မကောင်းဖြစ်ရတယ်။ ကျနော့်သားသမီးနဲ့ မိန်းမ ပြန်လာရင် နေစရာ အိမ်မရှိတော့ဘူး။ ဒါပေမဲ့ အဆိုးဆုံးအချိန်အထိတော့ မျှော်လင့်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အိမ်ပိုင်ရှင်ဖြစ်သူရဲ့ မိတ်ဆွေတဦးက “ဘာမှမကူညီလိုက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူ့တို့မိသားစုအတွက် အတတ်နိုင်ဆုံး ကူညီသွားပေးမှာ။ စိတ်ဓာတ်မကျဖို့ နဲ့ အားပေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြင်းကျဒိုးကျေးရွာမှာ လူမရှိတဲ့နေအိမ်တွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက လိုက်လံစစ်ဆေးမေးမြန်းနေတာကြောင့် အိမ်နီးချင်းတွေက ရပ်ဝေးမှာ အလုပ်သွားလုပ်နေတဲ့ ပြည်သူတွေဖြစ်ကြောင်း နဲ့ PDF တွေရဲ့ နေအိမ် မဟုတ်ကြောင်း ပြောနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

//
More News
Up