လိုင်ဇာဒိုင်ယာရီ

၂၀၁၃ ဇန်နဝါရီမှာ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းနဲ့ ရှေ့တန်းစခန်းနေရာတွေကို မီဒီယာသမားတွေနဲ့ အတူသွားခဲ့တုန်းက အကြောင်းအရာတွေကို ဒိုင်ယာရီ ရေးသလို ချရေးခဲ့ဖူးပါတယ်။ ဆယ်နှစ်နီးပါးရှိလာပေမယ့် အခြေအနေတွေက မထူးခြားသေးတဲ့အပြင် စစ်ပွဲတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေသာ ပိုများလာခဲ့ပါတယ်။ စစ်ပွဲတွေကြားမှာ ဒုက္ခရောက်နေကြရတဲ့ မိအိုဖအိုတွေ၊ လူမမည်ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ လူငယ် လူရွယ်တွေရဲ့ ဘ၀ကို စာနာမှုပွားနိုင်စေရန် ရည်ရွယ်ပြီး လိုင်ဇာဒိုင်ယာရီကို ထပ်မံဖော်ပြဖြစ်ပါတယ်။

ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးရတာဟာ ကျမအတွက်တော့ ကိုယ့်နှလုံးသားပေါ်ကိုယ် နင်းလျှောက်ရသလို၊ ကိုယ့်အနာကိုယ် လျှာနဲ့လျက်နေရသလိုပါပဲ တကိုယ်ရေဆန်လွန်းလှတယ်။

ဒီဘက်နှစ်အတော်များများမှာတော့ သူများနှလုံးသားတွေပေါ် နင်းလျှောက်ရင်း သူတို့ နာကျင်မှုတွေကို ဝေမျှခံစားရင်း ကိုယ့်အနာကိုယ် မေ့လျော့နေတတ်ခဲ့ပြီ။ ဒီလိုနဲ့ သူများ နှလုံးသားတွေပေါ် နင်းလျှောက်ရင်း ခရီးအတော်များများသွားဖြစ်ခဲ့တယ်။

မန္တလေး-မူဆယ်လမ်းပေါ်က တောင်တက်လမ်းတွေဟာ ပြီးခဲ့တဲ့ အခေါက်တွေကနဲ့ မတူတော့ဘဲ ခြောက်ခြောက်သွေ့သွေ့ရှိလှတယ်။ ပန်းရိုင်းဝါဝါလေး တစ်ပွင့်စ နှစ်ပွင့်စမှ မတွေ့ရတော့သလို ကျောက်တောင်တွေပေါ်မှာ ပေါက်တတ်တဲ့ မြက်ရိုင်းပင်တွေတောင်မှ ခါတိုင်းလို ငွေရောင်သားမြီးယပ် တဖွားဖွားနဲ့ နေရောင်မှာ မတင့်တယ်နိုင်တော့ဘူး၊ ဖုန်တသောသောထလို့ အိုမင်း အကျည်းတန်နေလိုက်တာ….။

“နမ့်ဖတ်ကာ” ကျော်လို့ မူဆယ်မြို့အဝင်မှာ ဖုန်တထောင်းထောင်းကြား တန်းစီနေတဲ့ ကုန်ကားတန်းကြီးကို တွေ့လိုက်ရတော့၊ ယာဉ်ကြောပိတ်ဆို့မှု တနေ့တခြား ဆိုးဝါးလာတဲ့ ရန်ကုန်ကို သတိရမိတယ်။

မူဆယ်ကနေ ပထမဆုံးသွားရမယ့် အနီးဆုံးစခန်းဖြစ်တဲ့ “မန်ဝိန်းကြီး” ကို ထွက်ခဲ့ကြတယ်။ “မန်ဝိန်းကြီး”မြို့ဟာ တကယ်တော့ တောစျေးမြို့ကလေးပါပဲ။ တိုက်ပွဲတွေမဖြစ်ခင်ကဆိုရင်တော့ အရောင်းအဝယ်စည်ပင်တဲ့ နယ်စပ်မြို့ကလေး ဖြစ်တယ်လို့ ဆိုကြတယ်။ ကျမတို့ ရောက်ခဲ့တဲ့အချိန်ကလည်း ဈေးဆိုင်တန်းကလေးတွေနဲ့ ဈေးဝယ်တွေနဲ့ ဖြိုးတိုးဖြောက်တောက်တော့ စည်နေတုန်းပါပဲ။ 

ရောက်သွားတဲ့ ညနေစောင်းမှာပဲ စခန်းတာဝန်ခံတွေကို သွားတွေ့ကြပြီး ညဘက်မှာ စစ်ဘေးရှောင်လာကြသူတွေနဲ့ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ညဦးပိုင်း တွေ့ဆုံပွဲကို လာကြတဲ့သူ အများစုကတော့ ပုစုခရုတွေ၊ ကလေးနောက်ကျောပိုးပြီးလာကြတဲ့ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ များပါတယ်။ ဇန်နဝါရီလထဲ ဖြစ်တဲ့အပြင် အအေးလှိုင်းဖြတ်တာကြောင့် အအေးဓာတ်ကလည်း သည်းသည်းထန်ထန် ပိုနေတုန်းပါပဲ။ အမိုး အကာ မလုံမလဲနဲ့ ယာယီတဲငယ်လေးတွေထဲမှာ အဲဒီအအေးဒဏ်ကို သူတို့ ဘယ်လိုများ ကြံ့ကြံ့ခံနေကြပါလိမ့်...။ 

ပြင်းထန်ဆိုးဝါးတဲ့ ရာသီဥတုဒဏ်၊ စားဝတ်နေရေးကျပ်တည်းတဲ့ဒဏ်အပြင်၊ စစ်ဘေးဒဏ် လွတ်ရာကို သားသမီးငယ်တွေ မိအိုဖအိုတွေကို ဆွဲပြီး ပြေးလွှားကြရတဲ့ ဒီဒေသကလူတွေရဲ့ ခံနိုင်ရည်ဟာ အံ့မခန်းပါပဲ။ 

တချို့က လွတ်ရာကျွတ်ရာဆိုပြီး တဘက်နိုင်ငံထဲ ဝင်ပြေးကြတယ်။ ဒါပေမဲ့ တဘက်နိုင်ငံက အာဏာပိုင်တွေက နှင်ထုတ်လိုက်တဲ့အခါမှာ ပြေးစရာမြေမရှိ ဖြစ်ကြရပြန်တယ်။ ဒီလိုနဲ့ ဒေသခံ ဘာသာရေးခေါင်းဆောင်တွေက ကမကထပြုပြီး “ဒုက္ခသည်”စခန်းတွေ ဖွင့်လို့ ကူညီစောင့်ရှောက်ကြပေးကြပါတယ်။ ဒုက္ခတွေ တနင့်တပိုး သယ်ပိုးထားရတဲ့အထဲ “ဒုက္ခသည်”ဆိုတဲ့ အသုံးအနှုန်းက သူတို့ကို စိတ်ဖိစီးမှုဖြစ်စေတယ် ထင်လို့ တတ်နိုင်သမျှ အဲဒီအသုံးအနှုန်းကို ရှောင်ပြီး သုံးမိတယ်။

အများစုက စစ်ပွဲကို အမြန်ဆုံးရပ်စေချင်ပြီး အိမ်ပြန်ချင်ကြတယ်။ သူတို့ဟာ အကူအညီ အထောက်အပံ့ကို မလိုချင်ကြဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခွင့်ကိုသာ တောင်းကြတယ်။ ကိုယ့်တောင်ယာ ကိုယ့်ကျွဲ နွားကိုသာပြန်လိုချင်ကြတယ်။ သူတို့ဟာ ဒုက္ခသည်စခန်းတွေမှာ မစို့မပို့ရိက္ခာလေးကို စောင့်စားပြီး မိသားစုတွေ တကွဲတပြား မနေချင်ကြတော့ဘူး။ ဒါပေမဲ့  စစ်ပွဲဖန်တီးသူတွေဟာ သူတို့တောင်ယာတွေအနားမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ကြတယ်။ သူတို့အိမ်တွေကို မီးရှို့ခဲ့ကြတယ်။ သူတို့ ကျွဲ၊ နွားတွေဟာလည်း ပိုင်ရှင်မဲ့ ပျောက်ဆုံးသွားခဲ့ကြတယ်။

မန်ကျမ်းကျေးရွာက ဒေါ်မခါဘောက်ခေါန်က ပါးလိုက်တဲ့ စာတိုလေးမှာ “စစ်ပွဲကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေ ယနေ့ မျက်ရည်နဲ့ပဲ အမြဲနေနေရတယ်။ ဘယ်အချိန် ဘယ်နေ့မှ ဒီစစ်ပွဲ ရပ်တန့်မှာလဲ၊ စစ်ပွဲကြောင့် မိသားစုနဲ့လည်း အတူတူမနေရဘူး။ တကွဲတပြားစီ ဖြစ်ကုန်ပါပြီ” လို့ရင်ဖွင့်ခဲ့တယ်။

ဘန်ဂျောမန်လတ်ရွာက ဒေါ်ခေါန်ဂျာကတော့ “ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ မြန်မာစစ်အစိုးရကို ချက်ချင်း ရပ်တန့်သွားအောင် ပြောဆိုကူညီပေးပါ” လို့ အားကိုးတကြီး ရေးခဲ့ပါတယ်။

မန်ဝိန်းကြီးမှာ ကျမတို့ရောက်နေတုန်းမှာပဲ စခန်းနဲ့မလှမ်းမကမ်းက တောထဲမှာ သစ်ခွပန်းရှာ ထွက်ကြတဲ့ ကလေးသုံးယောက် မိုင်းထိလို့ တစ်ယောက်က နေရာမှာတင် ပွဲချင်းပြီး သေသွားခဲ့တယ်။ စစ်မြေပြင်က လွတ်ရာကင်းရာ ရှောင်ပြေးလာခဲ့ပြီး ဒုက္ခသည်စခန်းကို ရောက်နေတာတောင်မှ စစ်ရဲ့အကျိုးဆက်တွေက အပြစ်မဲ့တဲ့ ကလေးတွေအပေါ် မဆီမဆိုင် ကျရောက်ခဲ့တုန်းပါပဲ။

မန်ဝိန်းကြီးက ထွက်ခဲ့အပြီး နောက်တစ်ရက်မှာတော့ တောနက်ထဲက ကွန်ကရိမြို့တော်ကို သွားခဲ့ကြတယ်။ နေ့ခင်းကြောင်တောင်မှာတောင်မှ တိတ်တိတ်ဆိတ်ဆိတ်ရှိလွန်းလှတယ်၊ မြို့လယ် လမ်းမကြီးဘေးက ဆိုင်အတော်များများကလည်း ပိတ်လျက်သား။ 

“အဲဒါ တရုတ်တွေ ပိုင်တဲ့ ဆိုင်တွေလေ၊ စစ်ဖြစ်လို့ သူတို့ ထွက်ပြေးသွားကြတာ” မိုင်ဂျာယန်မှာ ကျောင်းတက်ခဲ့ဖူးတဲ့ ဆိုင်းမိုင်က ပြောတယ်။ “စစ်မဖြစ်ခင်တုန်းကဆိုရင်လေ ဟောဒီ လမ်းမကြီးဘေးမှာ စကတ်တိုတွေနဲ့ ကောင်မလေးတွေ ဖုန်းကဒ်တွေ လိုက်ဝေနေတာ နင်တို့ တွေ့ရမှာ၊ ခုလိုမျိုး မဟုတ်ဘူး၊ ညဘက်ဆို စည်မှစည်”။

မိုင်ဂျာယန်ဟာ ကချင်ပြည်နယ်ထဲက တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကြောင့် ကချင်က Las Vegas လို့ ထင်ရှားတဲ့ မြို့ကလေး ဖြစ်တယ်။ ထမင်းဆိုင် လေးငါးဆိုင်၊ အင်တာနက်ဆိုင်တစ်ဆိုင်၊ သုံးဆယ့်ခြောက်ကောင် ဂုံးခင်းတချို့ နဲ့ ကာစီနိုရုံ တချို့တလေကိုတော့ အရဲစွန့်ပြီး ဖွင့်ထားကြတယ်။

လူသူကင်းမဲ့နေတဲ့ ကွန်ကရိမြို့ကြီးထဲက အေးစက်သက်ငြိမ်မှုဟာ  အန္တရာယ်ရဲ့ အငွေ့အသက်တချို့ကို ခံစားရစေတယ်။ ဒုက္ခသည်စခန်းတွေနဲ့ လူနေရပ်ကွက်တွေထဲက ဗုံးခိုကျင်းတွေက စစ်မြေပြင်နဲ့ နီးကပ်လာမှုကို သတိထားမိစေပါတယ်။

အပြောကောင်းတဲ့ ဆိုင်းမိုင်ကတော့ မိုင်ဂျာယန်ရဲ့ ယစ်မူးဖွယ်ညတွေမှာ တွေ့ရတတ်တဲ့ အမျိုးသမီးငယ်လေးတွေ၊ တရုတ်သူဌေးတွေ၊ ဒေသခံကချင်တွေရဲ့အကြောင်း မမောတမ်း ပြောနေတုန်းပါပဲ။ သူ့ပါးစပ်ရာဇဝင်ထဲက ပုံရိပ်တွေဟာ မြို့လယ်လမ်းမပေါ်မှာ တစ္ဆေတွေ ပြေးလွှားနေသလို သက်ဝင်နေပြန်တယ်။

ကချင်ဆေးစိမ်အရက်နဲ့ ပူပူလောလော ပဲရွက်ဟင်းရည်သာ မကယ်ရင်တော့ နေရောင်ပျောက်ကတည်းက ကျောပေါ်စိမ့်တက်လာတဲ့ အအေးဓာတ်ကို ဖျောက်နိုင်မယ် မထင်ဘူး။ နှစ်ထပ်ဂွမ်းစောင်အောက်မှာ ပုစွန်တစ်ကောင်လို ကွေးနေတဲ့ကြားက အေးစက်လာတတ်တဲ့ ခြေဖျားတွေကြောင့် နေမြန်မြန်ထွက်ပါတော့လို့ အိပ်ရာထဲက ဆုတောင်းရတယ်။ မိုင်ဂျာယန် ညရဲ့ အအေးဓာတ်က အညာသူရဲ့ခံနိုင်ရည်ကို ကောင်းကောင်းကြီး စမ်းသပ်ခဲ့တယ်။

ကျမတို့အဖွဲ့ထဲမှာပါတဲ့ ဓာတ်ပုံသတင်းထောက် နှစ်ယောက်နဲ့ သတင်းစာသမားနှစ်ယောက်ကတော့ အမျိုးသားတွေဖြစ်လို့ ရှေ့တန်းစစ်မျက်နှာပြင်ကို သွားဖို့ အားသန်ကြပါတယ်။ 

ရောက်ပြီး နောက်တစ်ရက်မှာပဲ ရှေ့တန်းကိုသွားဖို့ သူတို့ အခွင့်အရေးရခဲ့ကြတယ်။ ကျမတို့ကတော့ မိုင်ဂျာယန်မြို့ထဲက အမျိုးသမီးအဖွဲ့အစည်း တချို့ရယ်၊ မိုင်ဂျာယန်ဆေးရုံပေါ်က ကေအိုင်အေတပ်က ဒဏ်ရာရ စစ်သားတချို့ရယ်ကို သွားတွေ့ခဲ့ကြတယ်။

အဲဒီညက ကျမတို့ထမင်းဝိုင်းမှာတော့ ရှေ့တန်းက ကချင်စစ်သားတွေနဲ့ တွေ့ခဲ့ရတဲ့ အမျိုးသား လေးယောက်ဆီက အတွေ့အကြုံတွေကို နားထောင်ရင်း ထမင်းမြိန်ခဲ့ရတယ်။

“သူတို့အားလုံး ရေဒီယိုနားထောင်ကြတယ်။ ငြိမ်းချမ်းရေးအတွက် လိုင်ဇာမြို့အထိ လမ်းလျှောက်ကြမယ့်သူတွေ ဘယ်နားရောက်နေပြီလဲဆိုတာ သူတို့ သိတယ်။ အဲဒါကို သူတို့ စိတ်ဝင်စားကြတယ်။ အဲဒီလူတွေလာရင် အန္တရာယ်ကင်းအောင် စောင့်ရှောက်ကြမယ်လို့လည်း ပြောတယ်” လို့ သတင်းစာသမား ကိုထက်ခေါင်က အားရပါးရ စားမြုံ့ပြန်တယ်။

နေ့ခင်းက ကျမတို့ တွေ့ခဲ့ရတဲ့ ဆေးရုံပေါ်က ကချင်စစ်သားလေးလိုပဲ သူတို့လည်း ငြိမ်းချမ်းရေးကို မျှော်လင့်ကြတဲ့လူတွေပါပဲလေ။ နေ့ခင်းက တွေ့ရတဲ့ ကချင်စစ်သားလေးကတော့ စစ်ပွဲတွေပြီးသွားရင် အိမ်ပြန်မယ်လို့ မျှော်လင့်တကြီး ပြောခဲ့ပါတယ်။

ကျမ တွေ့ခဲ့တဲ့ မိခင်တစ်ယောက် ပြောတဲ့စကားမှာတော့ သူရဲ့မိခင်စိတ်နဲ့ လူသားချင်းစာနာမှုကို ထင်ထင်ရှားရှား မြင်ခဲ့ရတယ်။ 

“ကျမကတော့ အမေတစ်ယောက်ဖြစ်လို့ ဗမာစစ်သားပဲ သေတာပဲ တွေ့တွေ့၊ ကချင်စစ်သား သေတာပဲ တွေ့တွေ့ စိတ်ထိခိုက်ရတယ်။ ကျမတို့လိုပဲ ဗမာမိခင်တွေလည်း စိတ်ထိခိုက်မှာပဲ၊ သူတို့က ပိုဆိုးတယ်။ ရှေ့တန်းမှာ သူတို့သားတွေ ကျသွားပြီ ဆိုတာတောင် သိခွင့်ရပါ့မလား မသိဘူး။”

နောက်တစ်ရက်မှာတော့ နောက်ထပ်ကွန်ကရိမြို့တော်တစ်ခုဖြစ်တဲ့ ကေအိုင်အိုအဖွဲ့ချုပ် ရုံးစိုက်ရာ လိုင်ဇာမြို့ကို ကျမတို့ သွားခဲ့ကြတယ်။ ဒီမြို့မှာတော့ စစ်ရဲ့အနိဋ္ဌာရုံကို မြို့လယ်ကောင်နဲ့ မလှမ်းမကမ်းမှာပဲ ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ ဗုံးထိမှန်ထားတဲ့အိမ်နဲ့ ဗုံးကျလို့ ချိုင့်ကျင်းကြီး ဖြစ်နေတဲ့နေရာက လိုင်ဇာမြို့သားတွေကို စိတ်မလုံခြုံမှုတွေ ပေးနေဦးမှာပါပဲ။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့  အင်မတန်မှ စည်ကားခဲ့တဲ့ လိုင်ဇာမြို့လယ်ကောင်မှာ ရိုင်ဖယ်သေနတ်တွေနဲ့ ကွန်မန်ဒိုဝတ်စုံတွေနဲ့  ကချင်စစ်သားအချို့ကိုသာ သွားသွားလာလာ တွေ့ရတယ်။

နောက်တစ်ရက်မှာတော့ လိုင်ဇာမြို့နဲ့ မလှမ်းမကမ်းက ဂျေယန်းဒုက္ခသည်စခန်းက အမျိုးသမီးတွေကို တွေ့ဖို့နဲ့ မြို့အထွက်က ခယာဘုံစစ်အခြေစိုက်စခန်းကို သွားဖို့ အခွင့်အရေး ရခဲ့တယ်။ ဂျေယန်းစခန်းမှာ နေ့ခင်းမှ လူစုံတက်စုံတွေ့ရမှာ ဖြစ်လို့ ခယာဘုံဘက်ကို အရင်ထွက်လာခဲ့ကြတယ်။ လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်ကို လွန်လာတာနဲ့ တောတောင်စိမ်းစိမ်းကို တွေ့လာရပြီ၊ ထူးခြားတာက လူနေအိမ်ခြေတွေနဲ့ ကျောင်းအဆောက်အဦတွေကို တွေ့ရပေမယ့် လူရိပ်လူခြည် မမြင်ရတာပဲ။

ရွာလယ်လမ်းဆုံးခါနီးမှာ ကေအိုင်အေတပ်ကြပ်ကြီးတစ်ဦးက ကျမတို့ စီးလာတဲ့ကားကို ရှေ့ဆက်မသွားဖို့ တားခဲ့တယ်။ 

“မနေ့ကပဲ ဒီစာသင်ကျောင်းနားမှာ ဗုံးတစ်လုံး ကျသွားတယ်။ ဟိုဘက်တောင်ကြောမှာ မီးခိုးတွေ့လား၊ အဲဒီမှာ ဗမာစစ်သားတွေ ရှိတယ်။ စကားပြောသံ ဆဲသံဆိုသံတွေတောင် ကြားရတယ်။”

သိပ်မဝေးလှတဲ့ တောင်ကြောတကြောဆီက မီးခိုးငွေ့တလူလူ ထွက်နေတာကို တွေ့ရတယ်။ ကျမတို့ နောက်ပြန်လှည့်လာပြီး တပ်စိတ်တစ်ခု စခန်းချနေတဲ့ နေရာကို သွားခဲ့တယ်။ ဗိုလ်ကြီးတစ်ယောက်က ကျမတို့ကို ခယာဘုံဒေသ စစ်ဗျူဟာမှူး ဗိုလ်မှူးဇော်ခေါင် ရှိတဲ့နေရာကို လိုက်ပို့ပေးခဲ့တယ်။ ဗိုလ်မှူးဇော်ခေါင်တို့ စခန်းချနေတဲ့နေရာတဝိုက်မှာတော့ ကတုတ်ကျင်း အရှည်ကြီး တစ်ကျင်းကို တူးနေတဲ့ စစ်သားတွေကို တွေ့လိုက်ရတယ်။ လိုင်ဇာမြို့ကနေ နာရီဝက်လောက်ပဲ သွားရတော့တဲ့ နေရာတစ်နေရာဟာ ရှေ့တန်းစစ်မြေပြင်တစ်ခု ဖြစ်နေပြီပဲလို့ စိတ်ချောက်ချားမိတယ်။

ဗိုလ်မှူးဇော်ခေါင်က ခယာဘုံတောင်ကြောဟာ လိုင်ဇာကို ထိန်းချုပ်နိုင်တဲ့ နောက်ဆုံးတောင်ကြော ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်။ “ခယာဘုံကျရင် လိုင်ဇာကျမှာပဲ”၊ ဗမာ့တပ်မတော်နဲ့ ကေအိုင်အေ ကချင်တပ်မတော်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲမလုပ်ခင် အသာစီးယူထားဖို့ ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာဒေသကို ထိန်းချုပ်နိုင်တဲ့ တောင်ကြောကို ရအောင် ဗမာ့တပ်မတော်က ထိုးစစ်ဆင်နေခဲ့တာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ခယာဘုံတောင်ကြောပေါ်ကနေ  ဗမာ့တပ်မတော် လက်ထဲကျခဲ့ရတဲ့ လဂျားယန်နဲ့ လဝါယန် တောင်ကြောက ကေအိုင်အေ အခြေစိုက်စခန်းတွေ ရှိခဲ့ရာနေရာတွေကို လက်ညှိုးထိုးပြနေတုန်း လက်နက်ကြီးသံတစ်ချက် အုန်းခနဲ ကြားလိုက်ရလို့ အတူပါလာတဲ့ ကုမုဒြာဂျာနယ်က သတင်းစာဆရာမ နန်းလွင်ရဲ့ ကျောပြင်တွေ သိမ့်ခနဲ တုန်သွားတယ်။

“လက်နက်အရ ကျနော်တို့ မယှဉ်နိုင်ပါဘူး၊ သူတို့လက်နက်တွေက သိပ်ကောင်းတယ်။ လက်နက်ရော လူရော အများကြီးလည်း သုံးနိုင်ပါတယ်။ ကျနော်တို့က ထိုးစစ်လည်း မဆင်ဘူး၊ ပြောက်ကျားစစ်လည်း မလုပ်ဘူး၊ ကိုယ့်နယ်မြေကိုယ် ကာကွယ်ဖို့ ခံစစ်သက်သက်ပဲ” ဗိုလ်မှူးဇော်ခေါင်က ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့တယ်။

ကချင်တပ်သားလေး နောနော်ကတော့ လူတွေ သတ်ရလွန်းလို့ ထပ်မသတ်ချင်တော့ဘူးတဲ့။ “လူတွေက လှိုင်းတွေလိုပဲ တသုတ်ပြီးတသုတ် တက်လာကြတာ။ ပစ်ချရလွန်းတော့ ကြာတော့ ကျနော် ထပ်မပစ်ချင်တော့ဘူး။”

နောနော် အဖေရော ညီရော တပ်ထဲမှာ။ သားအဖတွေ တကွဲတပြားစီ တာဝန်ထမ်းဆောင်နေကြရတယ်။ နောနော်ကတော့ စစ်ပွဲ မြန်မြန်ပြီးစေချင်လှပြီ၊ “ဒီနေ့ စစ်ပွဲပြီးတာနဲ့ မနက်ဖြန် အိမ်ပြန်မှာပဲ”လို့ ပြောခဲ့တယ်။

တပ်ကြပ်ကြီးဘရန်အောင်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ထဲကအတိုင်း တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ စစ်တိုက်နေရတာလို့ ဆိုပါတယ်။ 

“ငြိမ်းချမ်းရေးယူထားတဲ့ ၁၇ နှစ်လုံးလုံး ငါတို့ အရူးလုပ်ခံလိုက်ရတာပဲ။ ငါတို့ တကယ်တမ်း လိုချင်တာက ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုုပ်ထဲမှာ ပေးထားတဲ့ကတိအတိုင်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကိုပဲလိုချင်တာ။”

ဂျေယန်းဒုက္ခသည်စခန်းကတော့ အင်မတန်ကြည်လင်လှတဲ့ စမ်းချောင်းကလေး ဖြတ်စီးသွားတဲ့ နေရာအနားမှာရှိလို့ စစ်မက်တွေသာ ဖြစ်မနေဘူးဆိုရင်တော့ တောနဲ့တောင်နဲ့ ကျောက်တုံးကြီးတွေပေါ်က ဖြတ်စီးသွားတဲ့ စမ်းချောင်းကလေးနဲ့ အင်မတန်မှသာယာတဲ့ နေရာတစ်နေရာ ဖြစ်လိမ့်မယ်။ ထောင်ချီတဲ့ဒုက္ခသည်တွေကြားမှာတော့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကျောင်းသားလူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အတော်များများ တွေ့ရတယ်။ 

လုပ်အားပေးသူနာပြုဆရာမလေးတွေကတော့ “စစ်သာဖြစ်တာ ကလေးမွေးနှုန်းက ကျမသွားဘူး၊ စစ်ဖြစ်နေတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ဒီစခန်းမှာ ကလေးအယောက် တရာကျော် မွေးပေးပြီးသွားပြီ” လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့တယ်။

ဒုက္ခသည်စခန်းထဲမှာလည်း ဗုံးခိုကျင်းတွေ တူးထားတာ တွေ့ရတယ်။ “ဟောဒီတောင်စောင်းမှာ ဗမာစစ်တပ်က လေယာဉ်တွေ ခဏခဏဝဲတော့ လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းကြတယ်။ မပြေးနိုင်တဲ့ အဘိုး အဘွားတွေ ကလေးတွေကတော့ ညဆို ဗုံးခိုကျင်းထဲ ဝင်အိပ်ကြတယ်” လို့ ဂျေယန်းစခန်းမှာ တွေ့ခဲ့ရတဲ့ အမျိုးသမီးအဖွဲ့ဝင်တစ်ယောက်က ပြောတယ်။

ဖြစ်ကတတ်ဆန်း ဆောက်ထားတဲ့ စာသင်ခန်းတွေထဲမှာ ကျောင်းသားအရွယ် ကလေးငယ်တွေဟာ မဖြစ် ဖြစ်တဲ့နည်းနဲ့ ပညာသင်ကြားနေကြတယ်။ ရွာကြီးတစ်ခုလို ဖြစ်နေတဲ့ စခန်းထဲမှာ စားပင် သီးပင်တွေ စိုက်ထားကြတယ်။ ငါးမွေးကြတယ်။ နီးစပ်ရာ တောထဲတောင်ထဲ သွားပြီး ထင်းရှာထွက်ကြတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံက ကော်ဖီစိုက်ခင်းတွေမှာ နေ့စားအလုပ် ခိုးလုပ်ပြီး ပိုက်ဆံရှာကြတယ်။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားထဲက ခဏငယ်လေးတွေထဲမှာ ဖြစ်တည်ပြီးသား ဘဝတွေကို ဒီလိုပဲ ကျားကုတ်ကျားခဲ ရှင်သန်အောင်မွေးကြတယ်။ ဒုက္ခပင်လယ်ထဲမှာပဲ နောက်ထပ် နောက်ထပ် အတူကူးခတ်ဖို့ လူသားအသစ်လေးတွေကို ဖန်ဆင်းကြတယ်။ သူတို့ဟာ သီရိလင်္ကာနိုင်ငံက တမီးလ်ကျားသူပုန်တွေ မဟုတ်ခဲ့ကြဘူး။ သူတို့ဟာ ဗမာပြည်ဖွား တိုင်းရင်းသားမျိုးနွယ်စုတစ်ခုသာ ဖြစ်တယ်။ သူတို့ဟာ တောင်ယာပြန်လုပ်ဖို့ အိမ်ပြန်ချင်ကြသူတွေသာ ဖြစ်တယ်။ သူတို့ဟာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးကို မိသားစုနဲ့အတူ ဖြတ်သန်းချင်ကြသူတွေသာ ဖြစ်တယ်။

ဂျေယန်းဒုက္ခသည်စခန်းတာဝန်ခံ ဦးဒွဲဗီဇကတော့  လွှတ်တော်ထဲမှာ ဆွေးနွေးကြတာတွေကို ညတိုင်း မြန်မာ့ရုပ်မြင်သံကြားကနေတစ်ဆင့် စောင့်ကြည့်ဖြစ်တယ်လို့ ပြောပြတယ်။

“ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တစ်ယောက်က ကျနော်တို့ကို ရွှေလက်နဲ့ ခေါ်လို့ မလာရင် ဘူးလက် (ကျည်ဆန်နဲ့ ခေါ်ရလိမ့်မယ်လို့ ပြောတာမျိုးဟာ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး လမ်းစဉ်ကို ဖော်ဆောင်ရာရောက်ပါတော့မလဲ။ ကျနော်တို့ကို သီရိလင်္ကာက တမီးလ်ကျားသူပုန်တွေကို ချေမှုန်းသလို အမြစ်ဖြတ် ချေမှုန်းသင့်တယ်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးတယ်တဲ့ဗျာ။ ကျနော် တော်တော်ဝမ်းနည်းတယ်။”

ဦးဒွဲဗီဇရဲ့ နာကျင်မှုက ကျမကိုပါ ကူးစက်ခဲ့တယ်။

ကျမကတော့ သူတို့နှလုံးသားတွေပေါ် နင်းလျှောက်ရင်း ခရီးတွေ ဆက်သွားနေအုံးမယ်။ ကိုယ့်နှလုံးသားပေါ် ကိုယ်နင်းလျှောက်ရင်း အနုပညာရသမြောက်တဲ့ ဝတ္ထုတွေ၊ ကဗျာတွေ မဖန်တီးနိုင်တော့ရင်လည်း နေပါစေတော့။ 

ကိုယ့်အနာကိုယ် ကျမ မေ့ထားလိုက်ရပြီ။ ဘာလို့လဲဆိုတော့ သူတို့အနာတွေက ကျမ နှလုံးသားပေါ်မှာပါ အမြစ်တွယ် လှိုက်စားနေခဲ့လို့လေ....။

မြတ်

(အသံဖိုင်နားဆင်ရန်)

https://www.facebook.com/DVBTVNews/videos/1618666821850512

//
More News
Up