ကိုဗစ်-၁၉ ကြောင့် ထိုင်းကလေးငယ် ၁ သိန်းကျော် စာသင်ခန်းတွင်း ပြန်မရောက်နိုင်တော့ဟု ပညာရေးဝန်ကြီးပြော

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကလေးသူငယ် ၁ သိန်းကျော်လောက်ဟာ စာသင်ခန်းတွေထဲ ပြန်မရောက်နိုင်တော့ဘဲ ရှိနေတယ်လို့ ထိုင်းပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး စာသင်ခန်းတွေထဲ ကျောင်းသားကလေးငယ်တွေ ပမာဏအတော်များများ ပြန်လည်မ ရောက်ရှိနိုင်တော့ပဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းပညာရေးဝန်ကြီး ထရီနုချ်ထီရန်ထောင်က “ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ခန့်မှန်းခြေ ကလေးပေါင်း ၁၂၀,၀၀၀ လောက်အထိ စာသင်ခန်းတွေကို စွန့်ခွာခဲ့ရပြီး လော့ခ်ဒေါင်းကာလ တိုးမြှင့် သတ်မှတ်ခဲ့တာတွေနောက်မှာ သူတို့ဟာ မိသားစုပြဿနာတွေနဲ့ တခြားသော အကြောင်းအချက်တွေကြောင့် ပညာရေးကို ဆက်လက်ပြီးတော့ မသင်ကြားနိုင်ကြတော့ဘူး”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးဌာနအနေနဲ့ ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ စာသင်ခန်း တွေက ထွက်ခွာသွားခဲ့ကြရတဲ့ ကလေးငယ်တွေကို ပြန်လည်သင်ကြားနိုင်ဖို့ လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။

“ကျမတို့အနေနဲ့ ကလေးငယ် ၉၅,၀၀၀ လောက်ကို ဆက်သွယ်ပြီးတော့ လာမယ့်ဇွန်မှာ ကျောင်းပြန်တက်ပြီး ဆက်လက်ပညာသင်ကြားနိုင်ကြဖို့အတွက် စည်းရုံးခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

ထိုင်းပညာရေးဝန်ကြီးဌာနဟာ နိုင်ငံတဝန်းက သက်မွေးပညာသင်တန်းကျောင်း ၈၈ ခုနဲ့လည်း ပူးပေါင်းကာ ကျေးလက်ဒေသက ကလေးငယ်တွေ ကျောင်းလခနဲ့ အဆောင်ခ ကင်းလွတ်ခွင့်ပေး ပြီး အဆိုပါ အစီအစဉ်က ကျောင်းထွက်နှုန်း လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ တနှစ်ကို ကျောင်းသား ၅,၀၀၀ ကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကျောင်းတွင်းပြဿနာတွေကြောင့် ကျောင်းထွက်ရတာတွေကို ကာကွယ်နိုင်ဖို့အတွက် ဝန်ကြီးဌာနအနေနဲ တယ်လီဖုန်းနဲ့ Line လို အရေးပေါ်ဆက်သွယ်နိုင်တဲ့ လူမှုကွန်ရက်အက်ပ်တွေကတဆင့် MOE Safety Center helpline ကိုလည်း ထူထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းပညာရေးဝန်ကြီး ထရီနုချ်က “ကျောင်းမှာ အုပ်စုဖွဲ့အနိုင်ကျင့်တာ နှောင့်ယှက်တာတွေ၊ ဒါမှမဟုတ် တခြားဘေးကင်းလုံခြုံမှုအတွက် ပြဿနာတွေကို ဝန်ကြီးဌာနကို တိုက်ရိုက်တိုင် ကြားနိုင်ဖို့ မိဘတွေနဲ့ ကျောင်းသားတွေအနေနဲ့ အဲဒီလိုင်းတွေကို အသုံးပြုနိုင်ပြီး တာဝန်ရှိသူတွေ က ချက်ချင်းစုံစမ်းစစ်ဆေးကြပါလိမ့်မယ်”လို့ ပြောပါတယ်။

//
More News
Up