နယ်စပ်ကို ဖြတ်ကျော်၍ …

၁။

“ဆရာကြီးကို သမီး ကျေးဇူးတင်တယ်”

သူက ပြောပြောဆိုဆို စမ်းချောင်းတဘက်သို့ ပြန်ကူးသွားခဲ့၏။ သူ့ကျောပြင်ကို ကြည့်ကာ ကျနော့်မှာ ကြည်နူးနေမိသည်။ သူက ရောက်ရှိလာတော့မည့် သူ့ဘ၀ အနာဂတ်ကာလပန်းတိုင်ကို ပြောပြသွားခဲ့သဖြင့် သူ့အတွက် ကျနော် ကြည်နူးရခြင်း ဖြစ်သည်။ 

မယ်ပေါထဒုက္ခသည်ရွာကလေးမှ ပြန်လာပြီး မိမိနေထိုင်ရာ ဌာနချုပ်စခန်း  အခန်းကလေးထဲ ပြန်ရောက်လာခဲ့သည့်တိုင် သူ့ကို ကျနော် သတိရနေသည်။ သူက ပြည်တွင်းတွင် ကျစ်နေရစ်ခဲ့သည့် ကျနော်၏သားနှင့်မှ သက်တူရွယ်တူ ကရင်မိန်းကလေးတစ်ဦး။ နာမည်က “နော်ဖောဂေ” ။ မြန်မာလို “လှပတဲ့ပန်း” ။

“သမီး နောက် ၂ လဆိုရင် ဝမ်းဆွဲဆရာမသင်တန်း တက်ရတော့မယ် ဆရာကြီး၊ ဒီကြားထဲ ဒီရွာက မူလတန်းကျောင်းမှာ စာသင်ပေးဖို့လည်း ပြောထားတယ်၊ သမီးအရင်ကတည်းက ဒီကိုလာခဲ့ရရင် ကောင်းမှာ၊ ရွာမှာ အမေရှိနေလို့ ထားခဲ့လို့ကလည်း မဖြစ်၊ လာလည်းမလာရဲလို့ ၃ နှစ်လောက် အချိန်တွေ ပုပ်ကုန်တယ်။ ခုတော့ သမီးရည်မှန်းချက်တွေ ပြည့်တော့မှာပါ၊ အဲဒါ ဆရာကြီးနဲ့ အကိုကြီးရဲ့ ကျေးဇူးကြောင့်ပေါ့”

“နော်ဖောဂေ” ပြောခဲ့သည့် စကားများကိုတွေးရင်း ဝါးစားပွဲလေးပေါ်က စာအုပ်စာတမ်းများ ကြားတွင် ညပ်နေသည့် မှတ်စုစာအုပ်ဆီ ကျနော့်မျက်လုံးများ ရောက်သွားရ၏။ မှတ်စုစာအုပ်ကလေးကို ယူပြီး အခန်းအပြင်ဘက် လူသွားလမ်းကလေးဘေးက ခုံတန်းတွင် ထိုင်သည်။ ခေါင်းပေါ်က မိုးအုပ်ထားသည့် ဝါးရုံပင်ကိုင်းများဆီက လေတိုးသံကြားနေရ၏။ ၂၄ နာရီ မပြတ်ကြားနေရသည့် မယ်တုက္ခီစမ်းချောင်း ရေစီးသံများက ပိုမိုကျယ်လောင်လာနေသည်ဟု ထင်ရ၏။

၂။

“ဒီတခေါက် ကျနော်တို့နဲ့လိုက်မယ်ဆိုတဲ့လူက ဘယ်နှယောက်လောက် ရှိလို့လဲ ဗိုလ်သိန်းစိုး”

ကွင်းထဲက နေပူတံလျှပ်ကို မျက်မှောင်ကုတ်ကြည့်ရင်းက ကျနော်တို့နှင့်အတူ “မာနယ်ပလော” သို့ လိုက်ပါကြမည့် လူအုပ်ကို တွေးနေမိသည်။

“ဆယ့်နှစ်ယောက်ရှိတယ် ကိုငြိမ်းဝေ၊ လူကြီး ၈ ယောက်၊ ကလေး ၄ ယောက်”

“ဘယ့်နှယ်လဲ၊ ခင်ဗျား ဘယ်လိုစဉ်းစားထားသလဲ၊ ကျနော်ကတော့ ခေါ်သွားချင်တာပေါ့၊ လမ်းမှာ တွေ့မယ့် ကြုံမယ့် အခက်အခဲ ခင်ဗျား အဓိကပဲ၊ ခင်ဗျားက ဖြစ်တယ်ဆိုရင် ကျနော် သဘောတူပါတယ်”

ဗိုလ်သိန်းစိုးက သူလည်း ခေါ်သွားချင်ကြောင်း ရှင်းပြ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ဒုံသမိချောင်းဘေးမှ မာနယ်ပလောသို့ ရောက်အောင် လမ်းတွင် ၅ ညမျှ အိပ်ရမည့်ခရီး ဖြစ်သော်လည်း၊ လုံခြုံရေးနှင့် ရိက္ခာအခက်အခဲကြောင့် ၈ ညမျှ အနည်းဆုံး အိပ်ရမည်ဟု ဗိုလ်သိန်းစိုးက ရှင်းပြလေသည်။ အကြီးမားဆုံးအခက်အခဲမှာ ယွန်းစလင်းချောင်း ကျော်ပြီးသည့်အထိ မကြာခဏ ရှောင်ကွင်းပုန်းအောင်းကြရမည့် နဝတ စစ်တပ်စစ်ကြောင်းများ၏ ရန်ပင် ဖြစ်သည်။ သို့သော် ဗိုလ်သိန်းစိုးကို ကျနော် ယုံသည်။ သူ့မှာ သည်ခရီးသည်လမ်းကို ၁၀ နှစ်တာမျှ အခေါက်ပေါင်း မရေမတွက်နိုင်အောင် သွားလာခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ဖြစ်၏။

ခရီးစပြီး ထွက်သည့်နေ့က ခရီးသည်လူအုပ်ထဲတွင် “နော်ဖောဂေ” ကို ကျနော် သတိမထားမိ။ ရဲဘော်လေး “ဟွေ့စာ” က သူ့သေနတ်ကို တစုံတယောက်အား ခဏယူလာပေးဖို့ ပြောလိုက်စဉ် “ငါ သေနတ်မကိုင်ချင်ဘူး” ဟု ဗမာလို ပီပီသသ ပြောသံကြားလို့ လှည့်ကြည့်မှ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကျနော် စတင် သတိပြုမိခြင်းဖြစ်သည်။

ထို့နောက် လမ်းခရီးတလျှောက်လုံး သူက ကျနော်နှင့် ခရီးသည်များအကြား ဆက်သွယ်ရေးတာဝန်ခံ ဖြစ်လာခဲ့၏။ ခရီးသည် လူအုပ်ထဲတွင် ဗမာလို ရေလည်စွာ ပြောနိုင်သူ ဆို၍ သူတစ်ဦးသာ ပါ၏။

“သမီးက ကမ္မမောင်းမှာ ခုနစ်တန်းအထိ ကျောင်းနေခဲ့ဖူးပါတယ်။ အဖေ ဆုံးမှ ကျောင်းထွက်လိုက်တာပါ။ ဒါကြောင့်မို့ သမီးက ဗမာစကားပြောတတ်တာ၊ ကျုံစိန်တရွာလုံး ကရင်လိုပဲ ပြောတယ် ဆရာကြီးရဲ့”

“နော်ဖောဂေ” က ဘာပြုလို့ သေနတ်ကို ကိုင်မပေးချင်ရတာလဲ ဆိုသည်ကိုမူ ကျနော် မသိ။ သူ့ဖခင်မှာ နဝတစစ်တပ်က သတ်ဖြတ်ခဲ့သဖြင့် သေနတ်ကို မုန်းတီးနေသလားဟု ကျနော် တွေးသည်။ သို့သော် မဲပလိချောင်း၏ အနောက်ဘက်၊ ကော့ကရိတ် ဖာပွန်ကားလမ်းဟောင်းကို ဖြတ်ကူးဖို့ ကြိုးစားကြတော့ “နော်ဖောဂေ” သည် ကင်းသမားအဖြစ် ရှေ့တိုးပြီး တာဝန်ယူခဲ့၏။ သို့သော် သေနတ်ကိုတော့ သူ မကိုင်တွယ်ခဲ့ချေ။ နော်ဖောဂေက သည်လိုပြောခဲ့၏။

“သမီး မာနယ်ပလောရောက်ရင် သူနာပြုဆရာမ လုပ်မယ်၊ ဒါမှမဟုတ် ကျောင်းဆရာမ လုပ်မယ်၊ အခြေအနေပေးရင် ရွာပြန်လာပြီး အဲဒီအလုပ်တွေပဲ ဆက်ပြီးလုပ်မယ်၊ အကိုကြီးကို ပြောထားပြီးပြီ၊ ဟိုကျရင် သူနာပြုသင်တန်း၊ ဆရာမသင်တန်း တက်နိုင်အောင်လုပ်ပေးဖို့”

၃။

တောစပ်ကိုပြန်ရောက်ကတည်းက သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကရင်လို စကားအနည်းငယ် ပြောပြီးနောက် ဗိုလ်သိန်းစိုးက သစ်ပင်ခြေရင်းတွင် တစ်ဦးတည်း ငြိမ်ချက်သားကောင်းစွာ ထိုင်နေ၏။ ကျုံစိန်ရွာဘက်သို့ သတင်းစုံစမ်းရန်သွားပြီးမှ ပြန်ရောက်တော့ ဘာသတင်းမှ မထူးခြားသလို ငြိမ်နေသဖြင့် ကျနော်က သူ့ကိုစကားမဟတော့ဘဲ နေစောင်းသည်အထိ မလှမ်းမကမ်း တနေရာတွင် ထိုင်နေခဲ့ရ၏။

တောအုပ်ထဲက နေရောင်ခြည်များမှာ လက်နှင့်ဆွဲဆုပ်ပြီး ရုပ်သိမ်းလိုက်သလို လျင်မြန်စွာ ပျောက်ကွယ်သွားနေလေသည်။ နေရောင်များ နောက်ဆုတ်တော့၊ လရောင်မှာ ရှေ့သို့တိုးလာခဲ့၏။ ကျနော်က တဖြည်းဖြည်း ငြိမ်သက် တိတ်ဆိတ်သွားနေသည့် ငှက်သံများကို နားစွင့်ထားမိသည်။ တတော တတောင်လုံး ဆူညံနေခဲ့သည့် ငှက်သံများမှာ နေရောင်နှင့်အတူ ချုပ်ငြိမ်းသွားခဲ့၏။ ကျုံစိန်ရွာဘက်မှ ကြားနေရသည့် ဓာတ်စက်သံသည်ပင် လေသင့်လို့ပဲလား မသိ၊ ပိုပြီး အသံကျယ်စွာ ကြားနေရ၏။

သည်တစ်ခေါက် တပ်မဟာ (၁) နယ်မြေ၊ ဖားအံမြို့နယ်ခရီးမှာ ပင်ပန်းလှ၏။ ယခု တစ်ခေါက်မှာ ၃ ခေါက်မြောက် ခရီးဖြစ်သည်။ ဗိုလ်သိန်းစိုး၏အကူအညီကို ကျနော့်မှာ လက်မလွှတ်နိုင်သေး။ သူ့ရဲဘော်လေး ၂ ယောက်မှာလည်း သုံးခေါက်မြောက်ခရီးအထိ ကျနော်တို့နှင့် အတူတူပါနေခဲ့၏။

ညဉ့်နက်သည်အထိ ထမင်းမစား၊ စကားမပြောဘဲ ငြိမ်ကုပ်နေခဲ့သည့် ဗိုလ်သိန်းစိုးရှိရာ ကျနော် ထလာခဲ့သည်။ သူ့ဘေးတွင် ကျနော် ရပ်လိုက်သည်။ 

ပြီးခဲ့သည့်နာရီဝက်ခန့်က သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကျနော် စကားပြောခဲ့သည်။ ဗိုလ်သိန်းစိုး၏ ထူးခြားသည့်အနေအထိုင်အပေါ်  စိတ်ထဲတွင် သံသယရှိလာသဖြင့် ရဲဘော်လေးများထံ စုံစမ်းမိခြင်း ဖြစ်သည်။ ရဲဘော်လေးနှစ်ယောက် ပြောပြခဲ့သည့်စကားကြောင့် ကျနော့်မှာ တုန်လှုပ်သွားရ၏။ ခဏ နေတော့ ဗိုလ်သိန်းစိုးရှိရာ ထလာခဲ့ရသည်။

“ကိုငြိမ်းဝေ၊ ကျနော့်အတွက် ဘာမှစိတ်မပူနဲ့၊ ဒီကနေ့ညတော့ ကျနော်တယောက်ထဲ စကားမပြောဘဲ အိပ်တော့မယ်ဗျာ၊ ကျနော့်ကို ခွင့်လွှတ်ပါ၊ ကျနော် တကယ်ဝမ်းနည်းရလွန်းလို့ပါ”

“ဗိုလ်သိန်းစိုး” နှင့် မလှမ်းမကမ်း ဝါးရုံပင်ခြေရင်းတွင် အိပ်ရာဝင်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။ “ဗိုလ်သိန်းစိုး”ဆီက သက်ပြင်းချသံများ မကြာခဏ ကြားရသလို ရှိ၏။ ဝါးရုံပင်ခြေရင်းတွင် ပက်လက်လှန်လဲလျောင်းရင်းက ကရင်ရဲဘော်လေး ၂ ဦး ပြောခဲ့သည့်စကားကို ကျနော် ပြန်စဉ်းစားသည်။

“ဗိုလ်သိန်းစိုး မိန်းမရဲ့ ညီမ၊ ဆရာကြီးနဲ့လည်းသိတဲ့ ကောင်မလေး “ဖောဂေ” လေ၊ မနေ့ကပဲ ဖျားပြီး သေတာတဲ့၊ ဓာတ်စက်ဖွင့်တာ အဲဒီက ဖွင့်တာ၊ ဗိုလ်သိန်းစိုး အရမ်းစိတ်ဆင်းရဲနေတယ် ဆရာကြီး”

၄။

ဂွါတီမာလာနိုင်ငံ၊ ကွီချီအင်ဒီယန်းလူမျိုးစုဝင် “ရီဂိုဘာထရာ မင်ချူးရာ” က ဂျပန်နိုင်ငံ ရောက်သည့်အခိုက်၊ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာကို ကိုယ်တိုင်ရေးစပ်၊ ကိုယ်တိုင်ရွတ်ဆိုပြီး ဂျပန်မိတ်ဆွေတွေကို မိတ်ဆက်၏။ သူသည် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အမျိုးသမီး ဖြစ်သည်။ သူ၏ဖခင်နှင့် အကိုမှာ ဂွာတီမာလာနိုင်ငံ အာဏာရှင်စစ်တပ်၏ အသတ်ခံခဲ့ရ၏။ မိခင်ဖြစ်သူမှာ သူမ၏ရှေ့တွင်ပင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ၏။ ထို့နောက် မင်ချူးရာရွာမှ ထွက်ပြေးရတော့သည်။ နယ်စပ်ကိုဖြတ်ကျော်ကာ သူတပါးနိုင်ငံတခုတွင် ခိုလှုံ နေထိုင်စဥ် သည်ကဗျာကို မင်ချူးရာ ရေးစပ်ခဲ့၏။ ကျနော့်အထင် ခံစားမှု အထွတ်အဖျားအထိ မြင့်တက် နေစဉ်အခိုက်၊ သူ ဘယ်လိုခံစားနေရသည်ကို ဖော်ပြရန်၊ ကိုယ်စားပြုကိရိယာတခုကို ရှာဖွေသည့်အခါ “ကဗျာ” ကို သူ တွေ့သွားဟန်တူပါသည်။ သူ့ကဗျာထဲက ကဗျာပိုဒ်များက ကျနော့်ကို အကြီးအကျယ်ရိုက်ခတ်လိုက်သဖြင့် ကျနော့်မှာ တသက်လုံး ဘယ်တော့မှမမေ့နိုင်သည့် ဝမ်းနည်းကြေကွဲမှု ဒဏ်ရာတစ်ခု တိုးပွားလာခဲ့ရ၏။

မိုးဦးကျ နေ့တနေ့ပေမယ့်

ကြယ်တွေလတွေစုံတဲ့ ညတညရဲ့ အရုဏ်ဦးမှာ

မွေးရပ်မြေက ခွါခဲ့ရတယ်။

မွေးရပ်မြေကို မစွန့်ခွါမီ

ယာခင်းထဲက အစို့အညှောက်ထွက်စပြုနေတဲ့

အပင်ကလေးတွေ

ပွင့်ဖို့အတွက် ငုံအာနေတဲ့ အပင်လေးတွေကို

ကြေကွဲစွာ နှုတ်ဆက်မိပါတယ်။

ပြန်လာနိုင်တဲ့ တနေ့ကြရင်

ရွာက ကလေးတွေအတွက် ပြောင်းတွေကို

ပိုစိုက်ရဦးမယ်။

ပျားရည်အိုးတွေကိုလည်း သစ်ပင်တွေမှာ

အများကြီးချိတ်ဆွဲရဦးမယ်။

အသတ်ခံရမှာကြောက်လို့ ထွက်ပြေးနေတဲ့

ရွာသားတွေနဲ့အတူ

ရွာကို ပြန်လာခဲ့ဦးမယ်။

“မင်ချူးရာ” ရဲ့ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာထဲက ကဗျာစာပိုဒ်တွေကို ဖတ်ပြီး ဘားအံမြို့နယ် ကျုံစိန်ရွာက ကရင်တိုင်းရင်းသူလေး “နော်ဖောဂေ” ကို ကျနော် ပိုပြီးသတိရနေမိ၏။ ၁၉၉၃ ခုနှစ်၊ ဘားအံမြို့နယ်ကို ခရီးထွက်တော့ နဝတစစ်တပ်၏ ရန်ကိုကြောက်သဖြင့် ရွာတွင် မနေရဲတော့သည့်အတွက် “နော်ဖောဂေ” နှင့် ကျုံစိန်ရွာသား ၁၂ ဦးသည် ကျနော်တို့နှင့်အတူ မာနယ်ပလောကို လိုက်ပါလာခဲ့ကြ၏။ သူတို့ကို ထိုင်းနိုင်ငံထဲက “မယ်ပေါထ” ဒုက္ခသည်စခန်းသို့ ပို့ပေးခဲ့ရ၏။

တတိယအကြိမ် ဘားအံမြို့နယ်ဆီ ကျနော် ခရီးထွက်တော့ “နော်ဖောဂေ” က ကျနော်တို့ထက်စောစွာ ကျုံစိန်ရွာသို့ လူကြုံနှင့် ပြန်သွားနှင့်၏။ မိခင် နေမကောင်းသည့် သတင်းကြောင့် စွန့်စားပြီးသွားခဲ့ခြင်း ဖြစ်သည်။

“နော်ဖောဂေ” သွားနှင့်ပြီး ၁ လမျှအကြာတွင် ကျနော်နှင့် ဗိုလ်သိန်းစိုးတို့ ကျုံစိန်ရွာဘေးသို့ ရောက်လာခဲ့ကြ၏။ ကျုံစိန်ရွာအနီးတွင် ကျနော်တို့လူသိုက် ခဏနားနေစဉ် ရွာဘက်က ဓာတ်စက်သံ ကြားရ၏။ ဗိုလ်သိန်းစိုးက သတင်းမေးရန် ထွက်သွား၏။ ပြန်လာတော့ စကားမပြောနိုင်လောက်အောင် စိတ်သောကရောက်နေလေသည်။ သူ၏ ညီမအရင်းတမျှ ခင်တွယ်ရသော “နော်ဖောဂေ” သေဆုံးသွားခဲ့ပြီ။

နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ရတဲ့

မိုးသည်းသည်း တမနက်

ကျမရဲ့ ပူပင်ရိပ်ကို သတိထားမိတဲ့ ငှက်ကလေးတွေက

ဆိုနေတဲ့တေးကို ရပ်ပစ်လိုက်ကြတယ်။

တရွာလုံးကတော့ အသတ်ခံရတဲ့ 

မိသားစု ဆွေမျိုးများအတွက်

ပူဆွေးစိတ်နဲ့ အသံတွေ မထွက်နိုင်လောက်အောင်

တိတ်ဆိတ်နေကြရဲ့

ဒါပေမယ့်

တချိန်ချိန်မှာတော့ မွေးရပ်မြေဟာ

ပြန်လည်စည်ကားလာမှာပါ ... ...။

ဂွါတီမာလာနိုင်ငံ၊ ကွီချီတိုင်းရင်းသူလေး “မင်ချူးရာ” ကတော့ သူ့ရွာနဲ့ သူ့တိုင်းပြည်အတွက် အလုပ်တွေ အများကြီး လုပ်ပေးနိုင်ခဲ့သည်။

ကျုံစိန်ရွာသူလေး “နော်ဖောဂေ” အဖို့မူ သူမ၏ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဟု ယူဆရပါမည်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား
(၁) ခေတ်ပြိုင်ဂျာနယ် အမှတ် ၂ဝ၊ ၁၉၉၄- ခု
(၂) စပယ်ဖြူ မဂ္ဂဇင်း ၂၀၀၂-အောက်တိုဘာလ

//
More News
Up