Home
မြန်မာသတင်း
စစ်တပ်မီးရှို့ ဖျက်ဆီးခဲ့သည့် မြိုင်မြို့နယ် ရွာ ၆ ရွာအတွက် အရေးပေါ်အကူအညီလိုအပ်နေ
DVB
·
May 22, 2022

မကွေးတိုင်း မြိုင်မြို့နယ်မှာ မေ ၁ ရက်ကနေ ၂၁ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူညီ လိုအပ်နေပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၁ ရက်ကစလို့ ရွာသစ်ကြီးရွာက နေအိမ် ၇၅ လုံး၊ နှမ်းစားကျင်းရွာက နေအိမ် ၇ လုံး၊ သံဘိုကြီးရွာက နေအိမ် ၁၀ လုံး၊ ပိတောက်ကန်ရွာက နေအိမ် ၆၅ လုံး၊ ပန်းတိုင်းတောရွာက နေအိမ် ၁၃ လုံးနဲ့ ကြက်ခြံ ၁၅ ခြံ၊ လက်ယက်မ(စံပြ)ကျေးရွာက အိမ်ခြေ ၇၀၀ ကျော်လောက်နဲ့ ကား၊ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ CDM ကျောင်းဆရာတယောက် ပြောပါတယ်။

ဒါ့အပြင် နဂါးပွက်၊ အိုးဘို၊ ကန်နက်၊ မန်ကျီးလေးပင်၊ တောင်ဘို့၊ တောင်ကိုင်းနဲ့ ဖျသီးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မွှေနှောက်ပြီး ပြည်သူတွေရဲ့ ကား၊ဆိုင်ကယ်၊ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်လို့ လက်ယက်မရွာ ဒေသခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းထိုးပြီး ရွာတွေကို ဝင်မွှေတာဗျ။ PDF အားကောင်းတယ်လို့ ထင်တဲ့ရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးကြတာ။ အပြစ်မဲ့ ပြည်သူတွေကိုလည်း မတရားဖမ်းဆီးသတ်ဖြတ်တာတွေလုပ်တယ်ဗျ။ တချို့ပြည်သူတွေကတော့ ဆွေမျိုးသာချင်းတွေရှိတဲ့ ဘေးလွတ်မဲ့ ရွာတွေနဲ့ တချို့ကတော့ တောတောင်တွေထဲက သစ်ပစ်အောက်တွေမှာ ဖြစ်သလိုနေနေကြရတယ်။ ရွာကို ပြန်မယ်ဆိုရင်လည်း နေစရာအိမ်ကမရှိတော့ဘူး။ စစ်(...)တွေနဲ့ ပျူတွေ ပြန်ဝင်လာမှာစိုးလို့ ယနေ့အချိန်ထိ တောထဲမှာပဲ နေနေကြရတယ်။” 

လက်ရှိမှာ မိုးရာသီကာလဖြစ်ပြီး အမိုးအကာတွေ အလုံအလောက်ပါမလာကြတာကြောင့် အခက်အခဲအတော်ကြုံနေကြရတယ်လို့ ဆိုပါတယ်။

“တောထဲဆိုတော့ ခြင်တွေကလည်း အရမ်းကိုက်တယ်။ တချို့ဆိုရင် အအေးမိ၊ ဖျားနာ၊ ချောင်ဆိုးတာတွေ ဖြစ်နေကြတယ်။ ဆေးဝါးလည်း အလုံအလောက်ပါမလာလို့ ဆေးမြီးတိုတွေနဲ့ပဲ ကုနေကြရတယ်။ စားနပ်ရိက္ခာတွေကလည်း ပါလာတဲ့ဟာလေးတွေနဲ့ မျှတစားသောက်နေရပြီး ကုန်ခါနီးနေပြီ။” 

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ရွာတွေကို မွှေနှောက်မီးရှို့တာကြောင့် ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံပြည်သူ ၂၀၀၀၀ ကျော်လောက်ဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ပြည်တွင်း ပြည်ပမှာရှိတဲ့ ပြည်သူတွေအနေနဲ့ မြိုင်မြို့နယ်က နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူတွအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ခြင်ထောင်နဲ့ ဆေးဝါးတွေ လှူဒါန်းပေးကြဖို့ ဒေသခံတွေက မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်လေ့ရှိပြီး PDF တပ်ဖွဲ့တွေကသာ ပြုလုပ်နေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ်ဧပြီ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လက်အောက်ခံအဖွဲ့တွေက မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၁၃၁ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို Data For Myanmar က မေ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024