စစ်ကောင်စီကို အမျိုးသားရန်သူသတ်မှတ်ပြီး တိုက်ပွဲဝင်ရန် မွန်အင်အားစုများ တိုက်တွန်း

အာဏာသိမ်း စစ်ကောင်စီကို အမျိုးသားရန်သူအဖြစ် သတ်မှတ်ပြီး တမျိုးသားလုံးအသွင်နဲ့ တိုက်ပွဲဝင်သွားဖို့ မွန်အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ မေ ၂၂ ရက်နေ့ ကဆုန်လဆုတ် ၈ ရက်နေ့ကျရောက်တဲ့ မွန်နိုင်ငံတော် ဟံသာဝတီမွန်ပြည် ကျဆုံးခြင်း ၂၆၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကနေ မွန်အင်အားစုတွေက ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

မွန်အင်အားစုတွေဖြစ်တဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)၊ မွန်အမျိုးသားကွန်ရက် (MNN)၊ မွန်အမျိုးသားကောင်စီ(သြစတြေးလျ )(MNC-A) တို့ရဲ့ ပူးပေါင်းကြေညာချက်မှာတော့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ဖက်ဒရယ်မွန်ပြည် ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်လူမျိူးတို့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းလိုက်တဲ့ နိုင်ငံရေး အင်အားစုနဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ အင်အားစုတွေ ပေါ်ထွက်လာခဲ့ခြင်းကြောင့် မွန်အမျိုးသားတို့ရဲ့ စည်းလုံးညီညွတ်မှု ပျက်ပြားသွားစေပြီး အမျိုးသားဘုံရန်သူမှာလည်း ဝေဝါးသွားစေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မွန်လူမျိုးတိုရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် အာဏာသိမ်း စစ်ကောင်စီကို အမျိုးသားရန်သူအဖြစ် သတ်မှတ်ပြီး တမျိုးသားလုံးအသွင်နဲ့ တိုက်ပွဲဝင်သွားဖို့၊ မွန်ညီညွတ်ရေးပါတီအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတာ ရပ်ဆိုင်းဖို့ မွန်အင်အားစုတွေက တိုက်တွန်းတာပါ။

ဒါ့အပြင် မွန်ဒေသအတွင်းရှိ မွန်အမျိုးသားထုကို ကာကွယ်စောင့်ရှောက်သွားနိုင်တဲ့ မွန်အုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းလာရေးနဲ့ မွန်အစိုးရတရပ် ပေါ်ထွန်းလာရေးအတွက် မွန်အမျိုးသားထုတရပ်လုံး စည်းလုံးညီညွတ်စွာ ရုန်းကန်အားထုတ်သွားဖို့ တိုက်တွန်းထားပါတယ်။

မဟာလူမျိုးကြီးဝါဒ၊ အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားတဲ့ မည်သည့်အင်အားတွေနဲ့မဆို အတူတကွလက်တွဲ တိုက်ပွဲဝင်သွားမယ်လို့လည်း မွန်အင်အားစု အစုအဖွဲ့ ၃ ခုရဲ့ ပူးပေါင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

//
More News
Up