လူမျက်နှာ ပျောက်ဆုံးရတဲ့ နှစ်ကာလများ

ညမှောင်ပြီဆိုတာနှင့် အပြင်မထွက်ကြဖို့ တချို့သော လူကြီး၊ မိဘတွေက ကလေးတွေကို မှာလေ့ရှိကြသည်။ သရဲ၊ တစ္ဆေ၊ မကောင်းဆိုးဝါးတို့က မှောင်ပြီဆိုတာနှင့် လမ်းကြိုလမ်းကြား လျှောက်သွားတတ်ကြသောကြောင့်ဖြစ်သည်တဲ့။

နေဝင်ဆည်းဆာတို့ လွင့်ပြယ်ကာ အမှောင်ရိပ်တို့ ကြီးစိုးလာပြီဆိုတာနှင့် ထိတ်လန့် ကြောက်ရွံစိတ်တို့   ဝင်ရောက်လာသည်။ လူကြီးများ ပြောသည့် ဇာတ်လမ်းထဲက သရဲ၊ တစ္စေလို မမြင်ရသည့် မကောင်းဆိုးဝါးများကြောင့်တော့ မဟုတ်။ အမှောင်ထု ကြီးစိုးလာတာနှင့် မြို့အတွင်းကို လှည့်ပတ်ကာ ပြည်သူများ၏ အိမ်ကို ဖမ်းဆီး၊ နှိပ်စက်သော စစ်မိစ္ဆာများကြောင့်ပဲ ဖြစ်သည်။ အဲ့သည် စစ်မိစ္ဆာများနှင့်ပတ်သက်ပြီး တလောက အဖြစ်အပျက်များက ခေါင်းထဲတွင် ယနေ့တိုင် အိပ်မက်ဆိုးသဖွယ် စွဲထင်လျက်ရှိသည်။

အချိန်က ညကိုးနာရီကျော် ဆယ်နာရီလောက်။ ခွေးဟောင်သံ တချို့ကလွဲ၍ မြို့တမြို့လုံးမှာ မီးကိုရေနှင့် ငြှိမ်းသတ်ထားသည့်နှယ် တိတ်ဆိတ်ငြိမ်သက်နေသည်။ ခွေးဟောင်သံတို့မှာလည်း ပို၍ ကျယ်လောင်လာသည်။ သည်တခါ ခွေးဟောင်သံများက ခဏတင် ရပ်မသွား၊ အဆက်မပြတ် ဆူညံလျက်ရှိသည်။ တထိတ်ထိတ်နဲ့ ချောင်းကြည့်လိုက်တော့ ပထမဦးဆုံး အိမ်စီးကားတစီး ထိုးဆိုက်လာတာကို တွေ့ရသည်။ ဒီလို ညအချိန်မတော်မှာ ဘယ်သူများပါလိမ့်။ သိပ်မကြာပါ။ ဘောင်းဘီအတို၊ အရပ်ဝတ်စုံများနှင့် သေနတ်ကိုယ်စီ လွယ်ထားသော စစ်မိစ္ဆာများ ဖြစ်ကြောင်းကို အမြင်အာရုံအရ သိရှိလိုက်ရပေသည်။ သေနတ်များကို မောင်းချိန်ကာ အသင့်အနေအထား လုပ်သည်။ ထို့နောက် စစ်ဆင်ရေးတခုသဖွယ် အိမ်တအိမ်သို့ ချည်းနင်းဝင်ရောက်သွားသည်။ ခဏအကြာမှာတော့ အော်ဟစ်သံ၊ ဆူပူကြိမ်းမောင်းသံ၊ ငိုယိုတောင်းပန်သံတို့ အစီအရီ ပေါ်ထွက်လာသည်။ ပိန်ပိန်သွယ်သွယ်နှင့် အပ်တိုတချောင်းတောင် ကိုင်မထားသော အမျိုးသမီးလေးကို မိဘများရှေ့တွင် ရိုက်နှက် ကန်ကျောက်သည်။ မိခင်အိုကြီးကိုလည်း အော်ကြီး ဟစ်ကျယ်လုပ် သည့်အတွက် ခြောက်လှန့်သည့်အနေဖြင့် သေနတ်ထောင် ဖောက်ပြသည်။ မိဘအိုကြီးများ၏ တောင်းပန်ငိုယိုသံများကြားကပင် ထိုအမျိုးသမီးလေးကို အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်သွားသည်။ အမေအိုကြီး၏ ငိုယိုသံများမှာ ညအမှောင်ယံတွင် ပဲ့တင်ထပ်လျက်ရှိ‌ပေတော့သည်။

လူကြီးမိဘများ ပြောသည့် သရဲ၊ တစ္ဆေတို့မှာ အိမ်အပြင်မထွက်လျှင် ကြောက်စရာမလို။ စစ်မိစ္ဆာလို မကောင်းဆိုးဝါးများကတော့ အိမ်အတွင်းသို့ တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ကာ သရဲမရဲစီးကြောင်း တွေ့လိုက်ရခြင်းဖြစ်သည်။ ဤကဲ့သို့ သရဲမရဲ စီးသည့် အဖြစ်အပျက်များက မြန်မာနိုင်ငံ၏ နေရာတိုင်းလိုလို ညစဉ်ညတိုင်း ဖြစ်ပျက်လျက်ရှိသည်။

ယခုနောက်ပိုင်း ကာလများတွင်  ဆိုခဲ့သလို မကောင်းဆိုးဝါး စစ်မိစ္ဆာများတင်မက၊ ဖောက်ထွင်း ဓားပြတိုက်သည့် တောကြောင်များကလည်း ညအမှောင်ကို အားကိုးပြုကာ ပေါ်ထွက်လာကြသည်။ ညအချိန်မတော် ခိုးယူ၊ ဓားပြတိုက်နေတာကို မြင်နေ ကြားနေရသော်လည်း ငြိမ်ခံနေရသည်။ ခုခံဖို့ဆိုတာကလည်း သူတို့လက်ထဲမှာက သေနတ်။ ရဲတိုင်ဖို့ ဆိုသည်မှာလည်း သူတို့နှင့် ပုလင်းတူဘူးဆို့။ ခိုးယူရင်တောင်မှ ဒီလောက်နဲ့ပဲတော်ပါတော့ဟု ခံပြင်းဒေါသထွက်ရသည့် ကြားကနေ ကြိတ်ဆုတောင်းနေရသည့် ဘဝမျိုး‌တွေ ဖြစ်နေသည်။ ညအမှောင်ရိပ်သန်းလာပြီ ဆိုတာနှင့် စိုးရိမ်ထိတ်လန့်မှုတို့က လူအားလုံးတွင် အနည်းနဲ့အများ ဆိုသလို ခံစားကြရသည်။

စိတ်ဖိစီးမှုများ၊ စိတ်သောကများမှာ ညအခါကျမှပဲ ဖြစ်သလားဆိုတော့ ထိုသို့မဟုတ်။ စိုးရိမ် ထိတ်လန့်မှုတို့နှင့် အကာလ ညအခါကို ဖြတ်သန်းခဲ့ရပြီးနောက် မျက်လုံးနှစ်လုံး ဖွင့်လိုက်ပြီဆိုတာနှင့် တနေ့တခြား ကျပ်တည်းလာသော စီးပွားရေး အခြေအနေများအတွက် စိတ်ဖိစီးမှု၊ သောကများနှင့်အတူ နိုးထလာကြရပြန်ပါသည်။

မနက်မိုးလင်းလို့ သုံးလိုက်တဲ့ ဖုန်းမှာလည်း ဖုန်းပြောခ၊ အင်တာနက်ခက အစ  သောက်နေ၊ စားနေကြဖြစ်သော လက်ဖက်ရည်နှင့် မုန့်အထိ ယခင်က ဈေးနှုန်း မဟုတ်တော့။ သာမန် လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည် တခွက်ပင်လျှင် ၂၀၀ကနေ ၃၀၀၊ အခု ၄၀၀ နားကပ်လို့နေပြီ။ အခြေခံစားသောက်ကုန်‌တွေ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်‌တွေဆိုလျှင်လည်း ကုန်ဈေးနှုန်းမှာ အချိန်နဲ့အမျှ ဒီရေအလား တိုးလျက်ရှိသည်။ တခါ အလုပ်သွားဖို့၊ စျေးလှည့်ရောင်းဖို့၊ အပြင်ထွက်ဖို့ စက်သုံးဆီ  ထည့်ရမယ်ဆို‌တော့လည်း ၁ လီတာ ကျပ် ၂၀၀၀ ကျော် ဖြစ်လို့နေပြီ။ ဆီတစ်ထောင်ဖိုး ထည့်တယ်ဆိုတာ ရေဆူဆေးပြား ရေထဲ ထည့်လိုက်သလိုပင် ဖြစ်နေသည်။ ဒါ့အပြင် လျှပ်စစ်မီး ဆိုသည်မှာလည်း ပျက်လိုက်လာလိုက်နှင့်၊ ‌တနေ့လျှင် လေးနာရီတောင် မပြည့်ချင်တော့။ နေ့စဥ်နေ့တိုင်း မီးတွေခဏခဏ လာနေသည်ဟုပဲ ပြောနေကြရပါသည်။

ဤသို့ ဤနှယ် ကျပ်တည်းခက်ခဲလာမှု၊ စိတ်ရောကိုယ်ပါ မလုံခြုံမှုတို့က မြို့ပြဘဝများအတွင်း ပူးဝင်နေသကဲ့သို့  မြို့ပြအလွန် မိုင်အနည်းငယ် လှမ်းမျှော် ကြည့်လိုက်မည်ဆိုလျှင်လည်း.....

မြို့ပြကို ဖွံ့ဖြိုးမှု၊ ခေတ်မီတိုးတက်မှုတို့၏ ပြယုဂ်အဖြစ် သတ်မှတ်မည်ဆိုပါက ကျေးလက်တောရွာကို သာယာလှပမှု၊ ငြိမ်းချမ်းမှု၊ သဘာဝဆန်မှုတို့၏ သင်္ကေတအဖြစ် တင်စားနိုင်ပါသည်။ ကျေးလက်၊ တောရွာလို့ ဆိုလိုက်တာနှင့်  အရုဏ်အတက်‌မှ လယ်ကွင်းစိမ်းစိမ်း၊ စိုက်ပျိုးထွန်ယက်နေသော တောင်သူများ၊ ညနေခင်း ဆည်းဆာရောင်အောက်က နွားလှည်းတို့က စိတ်ကူးပုံရိပ်တွင် အလိုလို မြင်ယောင်လာပါသည်။ ထိုသို့မြင်ကွင်မျိုးများမှာ ယခုအခါမှာတော့ တမျိုးတဖုံ ပြောင်းလဲ သွားခဲ့ပါသည်။

စစ်မိစ္ဆာတွေ ရွာနား နီးကပ်လာသည်နှင့်အမျှ အချင်းချင်း ခပ်မြန်မြန် သတင်းပေးကြရသည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မကောင်းတော့သည်မို့ သတင်းပေးရတာ အခက်အခဲရှိသည်။ ဘေးနားက ရွာတရွာကို ဝင်နေပြီဆိုရင်  ကိုယ့်ရပ်ကိုယ်ရွာမှ ထွက်ပြေးဖို့ ပြင်စရာရှိတာ ပြင်ကြရသည်။ တခါတလေကျတော့လည်း နေ့ညမရွေး၊ အချိန်မရွေးဘဲ  ဝင်လာတတ်သည်မို့ အမြဲလိုလို နားစွင့်နေကြရပြန်သည်။ သူတို့ဝင်လာတာ မသိလို့ တောကအပြန် အသတ်ခံရတဲ့ သူတွေလည်း မနည်းတော့။ သူတို့ ဝင်လာပြီဆိုတာနဲ့ အားလုံး ဒရောသောပါး ထွက်ပြေးကြရသည်။ ဝင်မလာခင်ကတည်းက လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့လည်း ထုတတ်သည်။ အသက်နဲ့ကိုယ် အိုးစားမကွဲဖို့ ပြေးကြရင်း လက်နက်ကြီးမှန်ကာ သေကြသူတွေလည်း မနည်းတော့ပေ။ သက်ကြီးရွယ်အိုနှင့် မပြေးနိုင်သော သူများကိုတော့ ဘုန်းကြီးကျောင်းမှာဖြစ်ဖြစ် ပို့ထားခဲ့ကြသည်။ တချို့ကျတော့ ကိုယ့်အိမ်မှာကိုယ် မတတ်နိုင်တော့သည့်အဆုံး ကျန်ရစ်ခဲ့ကြသည်။

ဟိုးအဝေးကတည်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်း၍ပစ်ကာ ဝင်လာပြီးနောက် စစ်မိစ္ဆာတို့သည် ဝေသာလီပြည် ဘီလူးသဘက်စီးသလို ရွာကို စိတ်တိုင်းကျ မွှေနှောက်ဖျက်ဆီးပစ်တော့သည်။ ရွာအတွင်းရှိ အဖိုးတန်ပစ္စည်းများကို ယူသည်။ ပြီးနောက် လယ်ယာပစ္စည်းများ၊ စပါးများ၊ ကျွဲ၊နွား များနှင့်တကွ အိမ်တွေကို မီးရှို့ဖျက်ဆီးသည်။ အကြောင်းကြောင်းကြောင့် မိသွားသည့် အပြစ်မဲ့ရွာသားများကို လူသားဒိုင်းလုပ်ကာ  လမ်းပြခိုင်းသည်။ ပြီးနောက် ရိုင်းစိုင်းယုတ်မာစွာ သတ်ဖြတ်ပစ်သည်။ ဘုန်းကြီးကျောင်းများ၊ သက်ကြီးရွယ်အို၊ ကလေးများဆိုပြီး လည်းသက်ညှာခွင့်မပြု။ မီးရှို့ကာ သတ်ဖြတ်ပစ်လိုက်ကြသည်။

တောထဲ ရှောင်ပုန်းနေရသူများအတွက်ကတော့ စစ်မိစ္ဆာတွေ ရမ်းသန်းထုသော လက်နက်ကြီးများကိုလည်း ကြောက်ရသည်။ မြွေပါးကင်းပါးကိုလည်း လန့်ရသည်။ အမိုးအကာမဲ့သူတွေ ဖြစ်လို့ မိုးရွာမှာကိုလည်း  ထိတ်လန့်နေရသည်။ တောတွင်းဘဝကို ဖြတ်သန်းရသည်။ အဲ့ဒီ စစ်မိစ္ဆာတွေ ပြန်ထွက်သွားလို့ ရွာကိုပြန်ကြရာတွင်လည်း မြင်တွေ့ရသော အရာအားလုံးမှာ ရက်ပိုင်းအတွင်း၊ အချိန်ပိုင်းအတွင်း မျက်လှည့်ပြထားသလား  အောက်မေ့ကြရပြန်သည်။ တိုက်တာ ၊ သစ်၊ ဝါး၊ အဆောက်အဦတို့ နေရာတွင် အုတ်ကျိုး၊ အုတ်ပဲ့၊ သစ်သားချောင်း၊ သွပ်ပြားတို့က အလဲလဲအပြိုပြိုနှင့် ဟိုတစ၊ သည်တစ။ မီးခိုးအူအူထနေသော ပြာပုံအတိနှင့် တလင်းပြင်ကြီးတွင်လယ်သမားတို့၏ အကောင်းဆုံးမိတ်ဆွေ ဆိုသည့် ကျွဲ၊ နွားတို့မှာလည်း တုံးလုံးပက်လက်နှင့် သေဆုံးနေကြသည်။ ထိုသို့သော သက်မဲ့ပစ္စည်းများ၊ တိရစ္ဆာန်များတင်မက အဖိုးတန်လှသည့် လူစင်စစ်တို့သည်လည်း ၎င်းတို့နည်းတူ မရှုမလှနှင့် မီးရှို့ခံရကာ ရုပ်ပျက်ဆင်းပျက် သေဆုံးလျက်ရှိနေပေသည်။ တောရွာများ၏ ငြိမ်းချမ်းမှု၊ သာယာမှု၊ သဘာဝဆန်မှုတို့နေရာတွင် မီးလောင်ခံရသည့် တိုက်တာ အိမ်ခြေများ၊ ပြာပုံများ၊ အပျက်အစီးများ စသည့် အနိဋ္ဌာရုံတို့က အစားထိုး ဝင်ရောက်သွားခဲ့သည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာပြည်သူများသည် လူစင်စစ်မှ လျှောကျကာ တန်ဖိုးမရှိ၊ ဂုဏ်သိက္ခာမရှိသည့် သတ္တဝါများသဖွယ် စစ်မိစ္ဆာများ၏ ပြုမူဆက်ဆံမှု ခံနေကြရသည်။ လွတ်လပ်မှု၊ လုံခြုံမှုတို့ ပျောက်ဆုံးကာ ချုပ်ခြယ်ပြဋ္ဌာန်းမှုများ၊ ကြောက်ရွံထိတ်လန့်မှုများ၊ အောက်သို့ သက်ဆင်း ကျရောက်သွားရကြောင်းကို ဤသို့ တောရော မြို့ပါဖြစ်ရပ်များက သက်သေထူလျက်ရှိသည်။ တနည်းဆိုရင်လျှင် ဤသို့ ရက်စက်ဆိုးရွားလှကာ လူ၏ လွတ်လပ်မှု၊ လုံခြုံမှု၊ လူ့၏ ဂုဏ်သိက္ခာတို့ကို ဖျက်ဆီးနေသော စစ်မိစ္ဆာများ၏ လက်အောက်တွင် မြန်မာပြည်သူများမှာ လူမျက်နှာ ပျောက်ဆုံးသွားသူများအဖြစ် ရောက်ရှိသွားကြရခြင်း ဖြစ်ပေသည်။

 တင်ဦး

//
More News
Up