မိုးကုတ်မြို့က ကွန်ပျူတာ မိတ္တူဆိုင်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်

မန္တလေး တိုင်းမိုးကုတ်မြို့ အရှေ့ပိုင်းက ရွှေအိကွန်ပျူတာမိတ္တူဆိုင်ကို စစ်ကောင်စီတပ်တွေက မေ ၂၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက်ကားအများကြီးနဲ့ ဝင်စစ်နေတာတွေ့တယ်။ အဲ့ဆိုင်ကို ခဏခဏဝင်စစ်တယ်၊ အရင်က NLD အင်္ကျီတွေရောင်းလို့ဆိုပြီး ဝင်စစ်တယ်ကြားတယ်၊ ဒီမနက်မှ လာစစ်ပြီး ချိပ်ပိတ်သွားတာ” လို့ ​ဒေသခံတဦးက ပြောပါတယ်။

မေ ၂၀ ရက်နေ့မှာလည်း မင်းတံတားရပ်ကွက်က မောင်ရော်ဘင်ကို စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

“သူက အရင်တခါကလည်း ဖမ်းခံရတယ်၊ ပြီးမှပြန်လွတ်လာတာ။ ခုက ဘာလို့ဖမ်းလဲတော့မသိဘူး၊ ဒီတိုင်းအိမ်မှာ လာဖမ်းသွားတာ။ ခုရက်ပိုင်းအ ဖမ်းအဆီးအစစ်အဆေး အရမ်းများတယ်” လို့ ဒေသခံက ပြောပါတယ်။

မိုးကုတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက အစစ်အဆေးတင်းကျပ်နေပြီး ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် မေလအတွင်း ဖမ်းဆီးခံရသူ ၄ ဦးရှိပြီလို့ သိရပါတယ်။

//
More News
Up