ဖားကန့် ဝှေခါဈေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝှေခါကျေးရွာရှိ မေလ ၂၀ ရက်နေ့ မနက်ပိုင်းက စျေးလာဝယ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတယောက်နဲ့ အရာရှိ ၂ ပွင့်ဗိုလ်တယောက်ကို သေနတ်အတို ၁ လက်နဲ့အတူ ဝှေခါဈေးမှာ  ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ဝှေခါစစ်တပ်ဘက်ကတော့  ၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံး လာပို့ဖို့ ပြောထားတယ်။ လာမအပ်ရင် ရွာထဲသောင်းကျန်းမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဝှေခါအနီး စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးလာတာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲမကြာခဏ ဖြစ်ပွါးနေတာပါ။ 

၂၀ ရက်နေ့မနက် ကလည်း ဝှေခါ လမ်းအတိုင်းစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့တွေကို KIA ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းမှာ ဝှေခါ မှော်အနီး ကျောက်စိမ်းလုပ်ကွက် ကုမ္မဏီတစ်ခုမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို KIA ဘက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဝှေခါ စစ်ကောင်စီစခန်းဘက်ကလည်း လက်နက်ကြီး ပစ်ခတ်ကူညီခဲ့ပြီး ညပိုင်းမှာ KIA တပ်မဟာ ၉ ရှိရာဘက်ကို လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

//
More News
Up