Live
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်၊ စစ်ကောင်စီတပ်က ရွာမီးရှို့
DVB
·
May 21, 2022

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အရှေ့ခြမ်းရှိ လွယ်ပေါကျေးရွာ၊ နန့်ပေါ်လုံကျေးရွာနဲ့ နန်းဆွန့်ကျေးရွာ တို့မှာ မေလ ၂၀ ရက် မနက် ၈ နာရီလောက်ကနေ စပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တနေကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖယ်ခုံပြည်သူကာကွယ်ရေးတပ်ရင်း ၂ က ရဲဘော်တယောက် ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က တာဝန်ရှိသူက ပြောပါတယ်။

“မနေ့တုန်းကတော့ တနေကုန်ဖြစ်တယ်။ ဒီမနက်ကျတော့ မိုးတွေတအားရွာတော့ လက်ရှိချိန်ထိ ပစ်ခတ်သံတော့မရှိသေးဘူး။ မနေ့ကတော့ ကျနော်တို့ ရဲဘော်တယောက်ကျတယ်။ သေနတ် တလက် ဆုံးရှုံးခဲ့ရတယ်ပေါ့။ သူတို့ဘက်တော့ အများကြီးကျတယ်။ ကျနော်တို့ရှေ့မှာ ဒါပေမဲ့ ကျနော်တို့အတည်ပြုလို့မရဘူး။ အနည်းဆုံးတော့ ၁၀ ယောက်လောက်အထိတော့ ရှိနိုင်တယ်ဗျာ။”

တိုက်ပွဲဖြစ်တဲ့ ကျေးရွာအနီး စစ်ကောင်စီတပ်သားတွေ နေရာယူထားတဲ့အတွက် ကျဆုံးသွားတဲ့ PDF တပ်သားရဲ့အလောင်းကို ပြန်လည်ကောက်ယူလို့မရသေးကြောင်းလည်း  ပြောပါတယ်။

မနေ့က တနေကုန် တိုက်ပွဲဖြစ်ပွားပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က နန်းပေါ်လုံရွာကို မီးရှို့ခဲ့ပေမဲ့ မိုးရွာနေတာကြောင့် အများအပြား မလောင်ခဲ့ဘူးလို့  ဖယ်ခုံ PDF တာဝန်ရှိသူက ပြောပါတယ်။

“မီးက သူတို့စရှို့တဲ့အခါကျတော့ ဒီနန်းပေါ်လုံရွာကို သူတို့ရှို့နေတဲ့အချိန်  ခဏနေတဲ့အခါကျတော့ မိုးရွာလာတယ်လေ။ မိုးရွာတော့ အိမ်ခြေအများကြီးတော့ မပါသွားဘူး။ လောင်တော့ လောင်သွားတယ်ဗျာ။ လေးငါး ၁၀ လုံးလောက် ပါသွားမယ့်ပုံစံတော့ ရှိတယ်ဗျာ။”

လွယ်ပေါကျေးရွာ၊ နန့်ပေါ်လုံကျေးရွာနဲ့ နန်းဆွန့်ကျေးရွာတို့ဟာ တဆက်တစပ်ထဲရှိတဲ့ကျေးရွာ တွေဖြစ်ပြီး မနေ့က နန်းပေါ်လုံကျေးရွာမှာ မီးလောင်တာများတယ်လို့လည်း ပြောပါတယ်။

ဖယ်ခုံမြို့၊ ဗိုးဗြဲနဲ့ ညောင်ရွှေနယ်စပ်တွေက မေလ ၁၂ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ဖယ်ခုံအရှေ့ခြမ်းရှိ ကျေးရွာ ၃၅ ရွာနီးပါးက ပြည်သူတွေ နီးစပ်ရာဆီကို ထွက်ပြေးတိမ်းရှောင်နေကြရကာ အရေးပေါ် အမိုးအကာနဲ့ အစားသောက်တွေ လိုအပ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024