ဓနုဖြူ ခမရတပ်ရင်း ၁၀၈ တွင် မိုင်း ၆ လုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ အမှတ် ၁၀၈ တပ်ရင်းထဲမှာ မေလ ၂၀ ရက် ညပိုင်းက မိုင်း ၆ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ 

ခမရ ၁၀၈ ဂိတ်မှာ မိုင်း ၂ လုံးဖောက်ခွဲပြီး စစ်ကောင်စီတပ်သားတွေအလာကိုစောင့်ကာ ဝင်ပေါက် ထွက်ပေါက်မှာနောက်ထပ် မိုင်း ၄ လုံး တပြိုက်နက်တည်းဖောက်ခွဲခဲ့တာလို့ ဧရာနဂါးညီနောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဧရာနဂါးညီနောင်အဖွဲ့ဝင်တယောက်က “၆ လုံးခွဲတာ ၂ လုံးကအရင်ခွဲတာ ပြီးမှ နောက် ၄ လုံးထပ်ခွဲတာ အစောင့်ဂိတ်ကတော့ ထိခိုက်မှုရှိတယ် ကျန်တဲ့ နေရာတွေက မှောင်နေတော့ သေချာမမြင်လိုက်ရဘူး”လို့ ပြောပါတယ်။ 

ခမရ ၁၀၈ တပ်ရင်းကို မိုင်းခွဲချိန်မှာ စစ်ကောင်စီတပ်သား တချို့ထိခိုက်ဒဏ်ရာရတာမျိုးရှိပြီး ပြီးတာနဲ့ အားလုံးဘေးကင်းအောင်ပြန်လည်ဆုတ်ခွာခဲ့လို့ ထိခိုက်တဲ့စာရင်းကို အတည်အကျ မသိရသေးဘူးလို့လည်းဆိုတယ်။

အခုလိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေကို စစ်တပ်က စွပ်စွဲဖမ်းဆီးတာတွေ ပြုလုပ်နိုင်တာကြောင့် သတိထားနေထိုင်ဖို့နဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့  နီးစပ်တဲ့နေရာတွေကို မသွားဖို့လည်း သတိပေးထားပါတယ်။

//
More News
Up