မောင်တောတောင်ပိုင်းတွင် မိန်းကလေးငယ် ၁ ဦး ဓားခုတ်ခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ အရှေ့ရွာမှာနေထိုင်တဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက်  မေ ၂၀ ရက် ညနေပိုင်းက ဓားနဲ့ ခုတ်ခံရလို့ ဒဏ်ရာပြင်းထန်စွာရရှိ ဆေးရုံတင်ထားရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဓားခုတ်ခံရသူဟာ ပန်းတောပြင်ကျေးရွာအုပ်စုအရှေ့ရွာနေ ဦးမာမတ်အာယုတ်ရဲ့သမီး  မရာသီခါဘီဘီ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဦးမာမတ်အာယုတ်က "မနေ့က ညနေ ၆ နာရီလောက်မှာ နွားကျောင်းရာက ကျနော့်သမီး  ပြန်မရောက်လာဘူး။ နွားသာ ရောက်လာတယ်။ အဲဒါကြောင့် နယ်ခြားစောင့်စခန်းကို အကြောင်းကြားပြီး လိုက်ရှာကြတယ်။ ဓားခုတ်ဒဏ်ရာတွေနဲ့ လယ်ကွင်းပြင်မှာတွေ့ရလို့ ဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ကြရတယ်။"လို့ ပြောပါတယ်။

ဓားနဲ့ဘာကြောင့်အခုတ်ခံရတယ်ဆိုတာကို မသိရသေးပေမဲ့ ဓားနဲ့ခုပ်ခဲ့သူကတော့ ရွာမှာ သရက်သီး အမြဲလာခူးဆွတ်၊ ဂဏန်းလာရှာလေ့ရှိသူ တယောက်ဖြစ်တယ်လို့ ဓားနဲ့ခုတ်ခံရတဲ့ မိန်းကလေးက ပြောပါတယ်။

မရာသီခါဘီဘီဟာ ရင်ဘတ်မှာ ဓားခုတ် ဒဏ်ရာ တစ်ချက်၊ ဘယ်ဘက်လက် မောင်းမှာ ဒဏ်ရာ တစ်ချက်၊ လည်ပင်းမှာဒဏ်ရာ တစ်ချက်ရရှိ​ခဲ့ပြီး  ဘယ်ဘက်လက် လက်ခလယ်ပြတ်သွားခဲ့တယ်လို့ ဖခင်ဖြစ်သူထံမှ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မောင်တောဒေသခံ မွတ်ဆလင်လူကြီး တစ်ဦးက "၂၀၁၂-ခုနစ်အရေးအခင်းလို လူမျိုးရေပဋိပက္ခဖြစ်အောင်ဖန်တီးမှုတွေပါနေတယ်။ ဒီကိစ္စကို ရခိုင်နဲ့ မွတ်ဆလင် နှစ်ဘက်စလုံးက ပူးပေါင်းပြီး တရားခံကို ဖော်ထုတ်ဖို့ လိုအပ်တယ်။ နောက်ဒီလို ပြစ်မှုမျိုးထပ်မဖြစ်ပွားအောင်ကာကွယ်နိုင်ဖို့လည်း လိုအပ်တယ်။" လို့ ပြောပါတယ်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးငယ်ဟာ မောင်တောခရိုင်ပြည်သူဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး သက်ဆိုင်ရာက တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်။

//
More News
Up