Home
မြန်မာသတင်း
ရေးချောင်းဖျားတွင် ရေတက်လာသဖြင့် အနိမ့်ပိုင်းရှိ နေအိမ်များ ပြင်ဆင်ထားရန် သတိပေး
DVB
·
May 21, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ  မိုးမဆက်ပြက်ရွာသွန်းမှုကြောင့် ရေးချောင်းဖျားမှ စီးဆင်းလာနေတဲ့ ရေတွေမှာ မေ ၂၁ ရက် မနက်က  ရေအမြင့် ၆  ပေလောက်အထိ တိုးလာနေပြီး ကျောင်းရွာကျေးရွာ ချောင်းကြီးအနီးရပ်ကွက်တွေထဲ ရေစတင်၀င်ရောက်နေတဲ့အတွက် အနိမ့်ပိုင်းက နေအိမ်တွေ အသင့်ပြင်ဆင်ထားကြဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့ည မိုးအားဆက်လက်ကောင်းနေနိုင်ပြီး ပင်လယ်ဒီရေဆွဲအားနှေးတဲ့ရက်ဖြစ်တဲ့ အတွက်ရေးမြို့ မြစ်ချောင်းအနီး အနိမ့်ပိုင်းနေကြသူတွေ ချောင်းရေလျှံ ရေမြုပ် ရေကျော်နိုင်တယ်လို့ အထူးသတိပေးထားပါတယ်။

ချောင်းဖျားချောင်းရေက ဆက်လက် ရေဆင်းအားကောင်းနေပြီး ညက  မိုးသက်လေပြင်းတွေတိုက်ခတ်ခဲ့တာကြောင့် ရေးမြို့နယ်ကို လျှပ်စစ်မီးပါ ယာယီဖြတ်တောက်ထားပြီး သစ်ပင်ပြိုလဲနေတာကြောင့် လမ်းပိတ်ဆို့နေကာ လမ်းသွားလမ်းလာတွေ အခက်တွေ့နေပါတယ်။

မနေ့မနက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်လို့   ရေး - မော်လမြိုင်သွား ကားလမ်းမပေါ်တွေမှာလည်း သစ်ပင်ပြိုလဲ လမ်းပိတ်ဆို့ခဲ့ရာမှာ ကားတွေ နာရီအနည်းငယ်ကြာ ယာဉ်ကြောပိတ်ဆို့နဲ့ ကြုံရတယ်လို့ ကားသမားတယောက်က  ပြောပါတယ်။

မွန်ပြည်နယ်မှာ မေ ၂၀ ရက် မနက်ပိုင်းကစပြီး လေဖိအားနည်းရပ်ဝန်းပိုမို အားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ပြောင်းလဲလာကာ  နေ့လယ်ပိုင်းမှာ မိုးဇလက အနီရောင်အဆင့် သတ်မှတ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မုန်တိုင်းငယ် အရှိန်ကြောင့် မွန်ပြည်နယ်ရဲ့ မော်လမြိုင်- ချောင်းဆုံ - ကျိုက်မရော -ပေါင် - မုဒုံ - သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး သစ်ပင်ကြီးတွေ ပြိုလဲပြီးနောက် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်တာ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိလာနေပြီး မွန်ပြည်နယ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၂ ဦး ရှိပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ ဒေသအလိုက်မိုးကြီးတာ  မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ သင်္ဘောတွေအနေနဲ့  ကြိုတင်သတိပြုကြဖို့ မိုးဇလက သတိပေးထားပါတယ်။

ရုတ်တရက်ရေကြီးရေလျှံတာ၊ တောင်ပြိုတာ၊မြေပြိုတာ စတဲ့အန္တရာယ်တွေ ကျရောက်နိုင်တာကြောင့် အနိမ့်ပိုင်းကလူတွေ စတင်ပြောင်းရွှေ့ထားကြဖို့ မိုးဇလက ထုတ်ပြန်ထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024