Home
မြန်မာသတင်း
အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများလာ
DVB
·
May 21, 2022

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာရှိတဲ့ သဘာဝအင်းကြီးဖြစ်တဲ့ အင်းတော်ကြီး အင်းပတ်ဝန်းကျင်တွေမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ အရင်ကထက် ပိုမိုများပြား လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တပိုင်တနိုင် လက်လုပ်တွင်းရွှေတူးဖော်မှုတွေဟာ အရင်ကတည်းက ရှိခဲ့ပေမဲ့ အခုနောက်ပိုင်း ပိုမိုများပြားလာတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ရွှေတူးတာက ဟိုအရက်ကတည်း တနိုင်တပိုင်တူးတာတွေ ရှိတယ်။ အင်းဘေးမှာတွေပေါ့။ ဒေသခံတွေလောက်ပဲ တူးကြတာ၊ အနည်းအကျဉ်းလောက်ပဲ။ အခုက စက်အကြီးတွေ၊ ဘက်ဟိုးကြီးတွေနဲ့ တူးနေကြတာ။ ပိုများတာက အင်းရဲ့ အနောက်တောင် ဘက်တကြောမှာပေါ့။  တူးတဲ့သူတွေက အစုံပဲ"လို့ ပြောပါတယ်။

ရွှေတူးဖော်မှုတွေကို အင်းရဲ့ အနောက်တောင်ဘက်က လုံးတုံး၊ နန့်မသဲ၊ မိုင်းနောင်၊ လမုန်ကိုင်ရွာ ပတ်ဝန်းကျင်တွေမှာ တူးဖော်နေပြီး အင်းထဲစီးဝင်တဲ့ ခေါင်းတုံးချောင်းပေါ်မှာတူးဖော်နေ ကြတာပါ။

အင်းပတ်လည်က ရွှေတူးဖော်မှုတွေမှာ ဒေသခံတွေလည်း အများအပြားပါဝင်နေပြီး ရွှေတူး ဖော်မှုတွေဟာ အင်းကိုပျက်စီးစေတဲ့အကြောင်း ပညာပေးဖို့ လိုအပ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"အခုတူးနေတဲ့ သူတွေမှာ ဒေသခံတော်တော်များများပါတယ်။ ပိုက်ဆံရတာတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ အများကြီးရှိလာနိုင်တာကို မသိကျသလိုပဲ၊ သဘာဝအင်းကြီးကို အားလုံးဝိုင်းပြီးထိန်းသိမ်းရမှာ၊ အဲလိုတွေမဖြစ်အောင် ဒီကလူတွေကို အမြင်ဖွင့် သင်တန်းတွေအများကြီးပေးရမှာ။”

အင်းတော်ကြီး ပတ်ဝန်းကျင်မှာ အင်းအရှေ့ဘက်ခြမ်းတွေမှာလည်း တရားမဝင်သစ်ထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အင်းတော်ကြီးအိုင်ဟာ တောင်နဲ့မြောက် အလျား ၁၄ မိုင်၊ အနံ ၇ မိုင်ရှိတဲ့ အင်းဖြစ်ပြီးတော့ မျိုးသုဉ်းမယ့် အန္တရာယ်ကျရောက်နေတဲ့ ငှက် အမျိုးအစား ၁၀  မျိုးအပါအဝင် ရွှေ့ပြောင်းနဲ့ ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ ကမ္ဘာမှာ မျိုးသုဉ်းလု ဖြစ်နေတဲ့ လိပ် ၅ မျိုး၊ ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့ကို တွေ့နိုင်တဲ့ ဒေသဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024