ဗီလာနှင့် အဆုံးအဖြတ်ပွဲစဉ်အတွက် ထွေထွေထူးထူးပြင်ဆင်မထားဟု ဂွါဒီယိုလာပြော

အက်စတွန်ဗီလာနဲ့ ကစားရမယ့် အဆုံးအဖြတ်ပွဲစဉ်အတွက် ထွေထွေထူးထူး ပြင်ဆင်မထားဘူးလို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။ 

မန်စီးတီးဟာ အက်စတွန်ဗီလာနဲ့ နောက်ဆုံးပွဲစဉ်မှာ အနိုင်ရပါက ချန်ပီယံဆုဖလားရရှိမှာ ဖြစ်ပါတယ်။ 

အနိုင်ရဖို့လိုအပ်လို့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ် ဖြစ်နေပေမယ့် ထွေထွေထူးထူး ပြင်ဆင်မထားဘဲ ပျော်ရွှင်စွာ ဘောလုံးကစားနိုင်ဖို့ပဲ အကြံပေးထားတယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

“အနိုင်ရခဲ့မယ်ဆိုရင် ပျော်ရွှင်ရမှာဖြစ်ပေမယ့် ကျနော်အကြံပေးထားတာကတော့ ဘောလုံးကို ပျော်ရွှင်စွာကစားကြဖို့ပါပဲ။ ဒီအချက်က ဆုဖလားတွေရယူနိုင်တာထက် ပိုပြီးအရေးပါတယ်။ ချန်ပီယံဖြစ်ရင်လည်း ၂ ရက် ၃ ရက်လောက်ပြီးရင် တယောက်တည်းလို ခံစားရကြမှာပါပဲ။ ကြိုးပမ်းအားထုတ်မှုတွေအတွက် ဒါကအကုန်ပါပဲ။ ကိုယ့်ရဲ့မှတ်တမ်းမှာ ဆုဖလား တလုံးရောက်လာလို့ ကောင်းမွန်သွားတာထက်မပိုပါဘူး။ နောက်ဆုံးပွဲစဉ်က သာမန်ဘောလုံးပွဲ တပွဲပါပဲ။ ကျနော်တို့ ဘာမှထွေထွေထူးထူး လေ့ကျင့်ပြင်ဆင်မထားပါဘူး။ ကွင်းထဲဝင်ပြီး ပျော်ရွှင်စွာကစားမယ်။ အခိုက်အတန့်တွေကို ခံစားမယ်။ ဂိုးအရင်ပေးလိုက်ရလည်း ဆက်ကြိုးစားပြီး ကောင်းမွန်တဲ့ အမှတ်တရတွေ ရယူကြရုံပါပဲ” လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးကို တမှတ်အကွာနဲ့ ဖိအားပေးနေတဲ့ လီဗာပူးအသင်းကတော့ ဝုဗ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားသွားရမှာဖြစ်ပါတယ်။

//
More News
Up