စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပျဉ်ကိုင်းကျေးရွာအုပ်စုရှိ တဲကြီးကျေးရွာကို မေလ ၂၀ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
တဲကြီးရွာဟာ တဲကြီးတောင်ရွာနဲ့ တဲကြီးမြောက်ရွာဆိုပြီး နှစ်ရွာရှိကာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး လေကြောင်းကနေ တိုက်ခိုက်ပြီးနောက် မြေပြင်ကနေလည်း စစ်ကောင်စီတပ်တွေ လာရောက် မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
တဲကြီးဒေသခံရွာသားတယောက်က “မြေပြင်မှာ PDF စခန်းရှိတယ်အထင်နဲ့ လာပစ်တာဖြစ်နိုင်တယ်။ အမှန်တကယ်တော့ မြေပြင်မှာ ဘာ PDF စခန်းမှမရှိဘူး။ ပထမလေယာဉ်တွေက ကလေးမြို့ဘက်က ၃ စီး ၊ မုံရွာနမခဘက်က ၄ စီး စုစုပေါင်း ၇ စီးနဲ့ လာပစ်တယ်။ အဲမှာ ၂ စီးက တိုက်လေယာဉ်ဖြစ်တယ်။ ကျန် ၅ စီးက ဂျက် လေယာဉ်တွေပါဗျ။ အဲလိုပစ်ခတ်ပြီး စစ်သား ၁၀၀ လောက်ကို တဲကြီးရွာနှစ်ရွာကြား ကချောင်းထဲကို စစ်သားတွေချတယ်။ ချပြီးရွာကို မီးရှို့နေတယ်။ လေယာဉ်နဲ့ပစ်ခတ်လို့ လောလောဆယ်သိရတာ ရွာသာ ၂ ဦး ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်။ အခုလတ်တလောအနေနဲ့ ကျန်အထိခိုက်အပျက်စီးတွေ ဘာမှတိတိကျကျမပြောနိုင်သေးဘူး။ ကိုယ်အသက်ကို လုထွက်ပြေးနေရတယ်”လို့ ပြောပါတယ်။
တဲကြီးကျေးရွာဟာ ချင်းတွင်းမြစ်အရှေ့ဘက်ချမ်း မုံရွာ-ရေဦးမင်းကင်း မဟာမြိုင်လမ်းမှာ တည်ရှိပြီးအဲ ရွာအနီးဝန်းကျင်က ပျဉ်းကိုင်းအုပ်စုက ကျေးရွာ ၇ ရွာနဲ့ စမျှင်အုပ်စုက ကျေးရွာ ၃ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန်ခွာ ထွက်ပြေးနေကြရပါတယ်။