မော်လမြိုင်တွင် မိုးသက်လေပြင်းကြောင့် သစ်ပင်များပြိုလဲပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးသက်လေပြင်းတွေ ကျရောက်နေတဲ့အတွက် သစ်ပင်တွေပြိုလဲပြီး လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်နေတယ်လို့ လူမှုကယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီကနေ့ မေ ၂၀ ရက် မနက် ၁၁ နာရီလောက်ကစပြီး မိုးသက်လေပြင်းကြောင့် မော်လမြိုင်မြို့ရဲ့ အဓိကလမ်းမကြီးတခုဖြစ်တဲ့ မြို့ရှောင်လမ်းမှာ ညောင်ပင်ကြီးတပင် ပြိုကျခဲ့ပြီးနောက် လမ်းပိတ်ဆို့ခဲ့ပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့ ရပ်ကွက်တချို့မှာလည်း သစ်ပင်တွေ ပြိုလဲနေတဲ့အတွက်ကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာပါ။

လက်ရှိမှာတော့ သစ်ပင်တွေပြိုလဲပြီး လမ်းပိတ်ဆို့နေတဲ့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ကျိုက်ရောမြို့နယ်တို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး လေကြမ်းတွေ တိုက်ခတ်နေတာပါ။

မိုးလေဝသဦးစီးဌာနကတော့ လေဖိအားနည်းရပ်ဝန်းကြောင့် မေ ၂၀ ရက်ကနေ ၂၃ ရက်အထိ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးကြီးနိုင်ပြီး မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

//
More News
Up