ဗန်းမော်လျှပ်စစ်မီတာရုံး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လျှပ်စစ်မီတာရုံးမှာ မေ ၁၉ ရက် နေ့လယ်ပိုင်းက လက်လုပ်မိုင်းတလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ထမင်းစားနေတုန်း အသံကြားလိုက်ရတာ၊ လျှပ်စစ်မီတာရုံးမှာလည်း စစ်ကောင်စီတွေက အခုရက်ပိုင်းအတွင်း မီတာခမဆောင်တဲ့ အိမ်တွေကို အတင်းအဓမ္မ လူအင်အားသုံးပြီး ရက်ကွက်တွေထဲထိ ခြိမ်းခြောက်၊ မီတာကြိုးဖြတ်၊ မီတာပုံးဖြုတ်နဲ့ အကြမ်းဖက် သောင်းကြမ်းနေကြတာမို့ နီးရာဓားကြောက်ပြီး အိမ်ကဟာတွေ သွားဆောင်နေကြတယ်၊ လူတွေလည်း အများကြီး” လို့ မြို့ခံတဦးက ပြောပါတယ်။

ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်မတော် (URF) ကတော့ အများပြည်သူ စိတ်ဆင်းရဲအောင် ခြိမ်းခြောက်၊ နှောင့်ယှက် အတင်းအဓမ္မ အကြမ်းဖက်နေကြတာကြောင့် ပထမအကြိမ် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ရပ်တန်းကရပ်ဖို့ လျှပ်စစ်ရုံးကို သတိပေးထားပါတယ်။

စုစုပေါင်း လက်လုပ်မိုင်းနှစ်လုံး ပစ်သွင်းခဲ့တာဖြစ်ပြီး ပထမလက်လုပ်မိုင်းတလုံးကတော့ ရေကန်ထဲကျသွားတာကြောင့် မပေါက်ကွဲခဲ့ဘဲ ဒုတိယမိုင်းတလုံးကတော့ လျှပ်စစ်ရုံး မျက်နှာစာမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ URF က ထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ လျှပ်စစ်မီတာရုံး မျက်နှာစာ အုတ်နံရံတချို့ ပြိုကျခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လုံခြုံရေးလာယူနေပြီး မီတာခလာဆောင်သူတွေ မရှိသလောက် နည်းပါးသွားခဲ့တယ်လို့ ဆိုပါတယ်။

//
More News
Up