ဆူဒန်တွင် စစ်အုပ်ချုပ်ရေးဆန္ဒပြသူများကို မျက်ရည်ယိုဗုံးဖြင့် လူစုခွဲ

ဆူဒန်နိုင်ငံမြို့တော် ခါတွန်းမြို့မှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။ 

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေကို အာခံပြီး ၇ လကြာအောင် ဆက်တိုက် ဆန္ဒပြနေကြတာပါ။ 

တချို့ ဆန္ဒပြသမားတွေက လုံခြုံရေးတပ်ဖွဲ့တွေဘက်ကို မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်နေတာကို လည်း တွေ့ရပါတယ်။ 

“နောက်ဆုံးကျတော့ သမ္မတ အယ် ဘာရှီးယား လက်ထက်တုန်းက နည်းကို ပြန်သုံးတာပါပဲ၊ ဆန္ဒပြသမားတွေကို ဘယ်မှ ဆက်သွားလို့ မရအောင် လူစုနေတဲ့အချိန်မှာ လူစုခွဲမယ်။ ဒါပါပဲ။ ဒါပေမယ့် ဒီလို လုပ်လိုက်လို့ ကျနော်တို့ ရပ်တန်သွားမှာ မဟုတ်ပါဘူး” လို့ သပိတ်ကော်မတီ ပြောခွင့်ရသူ Ahmed Esmat အာမက် အက်စ်မတ်က ပြောပါတယ်။ 

“ဖိနှိပ်တာဟာ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး”လို့ ဖက်တီဆိုတဲ့ ဆန္ဒပြသမား နောက်တယောက် ပြောတာပါ။ 

မနှစ် အောက်တိုဘာလတုန်းက စစ်တပ် အာဏာသိမ်းမှုကြောင့် ၂၀၁၉ ခုနှစ်က စစ်ဗိုလ်ချုပ်တွေနဲ့ အတိုက်အခံ ပါတီတွေကြားထဲက အာဏာခွဲဝေရေး သဘောတူညီချက်လည်း ပျက်စီးသွားခဲ့ ရပါတယ်။ 

ဆူဒန်မှာ ဇန်နဝါရီလကတည်းက ဝန်ကြီးချုပ် မရှိတော့ဘဲ တိုင်းပြည်စီးပွားရေးဟာလည်း တရှိန်ထိုး ကျဆင်းနေပါတယ်။ 

စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်နေသလို၊ ပြည်သူတွေဟာလည်း ကုန်ဈေးနှုန်း ကြီးမြင့်လာတာ၊ လျှပ်စစ်နဲ့ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့ ဒဏ်တွေကို အလူးအလဲ ခံနေရပါတယ်။ 

//
More News
Up