ဒီးမော့ဆိုတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး KNDF ရဲဘော် ၂ ဦး ခြေထောက်ဖြတ်ရ

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမေ့ာဆိုမြို့နယ်အတွင်း ရှေ့တန်းတနေရာမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - တပ်ရင်း ၅ မှ ရဲဘော် ၃ ဦး စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ရဲဘော် ၂ ဦး ခြေထောက်ဖြတ်လိုက်ရပါတယ်။

မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်အခြမ်းရှိ ရှေ့တန်းတနေရာကို ကင်းထောက်ရန်သွားစဉ် လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိခဲ့တာဖြစ်ပြီး ဒဏ်ရာရ ရဲဘော်တွေကို ဒီးမော့ဆိုမြို့နယ်အတွင်းက ဆေးခန်းတခုမှာ ဆေးဝါးကုသမှု ပေးထားတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်-တပ်ရင်း ၅ တာဝန်ရှိသူ တဦးက ပြောပါတယ်။

"မိုင်းက ၂ လုံးဆင့်ကွဲတာ။ ရဲဘော် ၂ ယောက်က ခြေဖဝါးတွေ တစစီဖြစ်သွားလို့ ခြေချင်းဝတ်ကနေ ဖြတ်လိုက်ရတယ်။ ကျန်တဲ့ တယောက်ကတော့ မစိုးရိမ်ရပါဘူး။ ဒဏ်ရာရ ရဲဘော်တွေအတွက် ဆေးဝါးကုသစရိတ် အရေးပေါ် လိုအပ်နေတယ်။”

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွေအတွင်း ခြေလက်အင်္ဂါများ ပေးဆပ်လိုက်ရတဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF -B05 မှ ရဲဘော်တွေအတွက် တဦးကို ဂုဏ်ပြုချီးမြှင့်ငွေ ၅ သောင်းကျပ်စီနဲ့ ရိက္ခာ ဆန်တအိတ်စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

//
More News
Up