လေးကေ့ကော်ဒေသရှိ ကော်ဘာရာစခန်းကုန်းငယ် ၁ ခုကို စစ်ကောင်စီလေတပ်က လေယာဉ်ဖြင့် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသရှိ စခန်းကုန်းငယ်တစ်ခုကို စစ်ကောင်စီ လေတပ်က  မေလ ၁၉ ရက် မနက်က  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှု ၂ ခုမှာ  ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တယောက်ရဲ့ ဒဏ်ရာ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

မြဝတီခရိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သေ့ဘော့ဘိုးစခန်းကုန်းကို KNLA ၊  ကော်ဘရာစစ်ကြောင်းနဲ့  ပူးပေါင်းတပ်တွေက မေလ ၁၈ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အခုလို စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မနေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ကို ကြံ့ကြံခံနိုင်ခဲ့တယ်လို့လည်း ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။ 

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ယောက်ကို အရှင်ဖမ်းမိပြီး  လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့  ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

သေ့ဘောဘိုးတိုက်ပွဲကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄  ယောက် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီး  ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကာ  ထိုင်းစစ်တပ်ကို အကူညီတောင်းခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက ဒီကနေ့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ ပြန်ပို့ပေးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

မနေ့ကသေ့ဘောဘိုး တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူအနည်းဆုံး ၁၀ ယောက်လောက်ရှိနိုင်ပြီး ဒီနေ့မနက်လည်း သေ့ဘောဘိုးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ကေအန်အယ်လ်အေ သတင်းရင်းမြစ်ကပြောပါတယ်။  

//
More News
Up