ရန်ကုန်၊ မြို့နယ်အချို့တွင် ဆိုင်ကယ်စီးသူများကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေတောင်းနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ လူစည်ကားရာ လမ်းမတွေပေါ် ဆိုင်ကယ်စီးသူတွေကို  လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအရေးယူတာ၊ ဒဏ်ငွေဆောင်ခိုင်းတာနဲ့ ဆိုင်ကယ်သိမ်းဆည်းတာတွေ  ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ယုဇနဥယျာဉ်မြို့တော်မှာ  ဆိုင်ကယ်စီးလို့ အဖမ်းခံရသူတယောက်က “ကျနော်တို့ နေရာက မော်တော်ယာဉ်အရမ်းရှုပ်တဲ့နေရာလည်း မဟုတ်ဘူး။ ဆိုင်ကယ်လေးနဲ့ပဲ မြို့နယ်အတွင်း ဟိုနားဒီနားသွားရတာ။ အတော်များများကတော့ လိုင်စင်မရှိကြဘူး။ ဆိုင်ကယ် ဖမ်းတော့ ယာဉ်ထိန်းတင်မကဘူး၊ စစ်တပ်ကပါ လက်နက်တွေနဲ့ ဖမ်းတာ။ လမ်းမကြီးပေါ်မှာ ဖမ်းတယ်။ လမ်းသွယ်ထဲက သူတို့ လူတွေဆီ  သုံးသောင်း သွားဆောင်ရတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်စီးလို့ မြို့နယ်တချို့မှာ ဒဏ်ကြေးဆောင်ရုံနဲ့ ပြီးသွားပေမဲ့ တချို့မြို့နယ်တွေမှာတော့ ဆိုင်ကယ်သိမ်းတာ ခြိမ်းခြောက်ပြောဆိုတာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြုလုပ်တာတွေရှိပါတယ်။

အင်းစိန်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီဆွဲသူ တဦးက “အင်းစိန်မြို့နယ်ထဲမှာ ကျနော်တို့က ဆိုင်ကယ်ကယ်ရီဆွဲစားတာ။ ဒီကာလကြီး စားဝတ်နေရေးကျပ်တည်းနေတော့ ဆိုင်ကယ်လေးနဲ့ စားဝတ်နေရေးဖြေရှင်းရတယ် လွန်ခဲ့တဲ့ ၂ ရက်က စစ်တပ်ကော ရဲကော ဆိုင်ကယ်ကို ဖမ်းပြီး သိမ်းလိုက်တယ်။ ဆိုင်ကယ်စီးရင် ပစ်မယ်လည်း ပြောတယ်။ ကျနော်နဲ့အတူ ဆယ်စီးလောက် အသိမ်းခံရတယ်”လို့ ပြောပါတယ်။

ရန်ကုန်မှာ ဆိုင်ကယ်တရားဝင်စီးခွင့်မရပေမဲ့ တိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာတော့ ဆိုင်ကယ် စီးနင်းတာတွေရှိနေပြီး စစ်အာဏာသိမ်းအပြီးနောက်ပိုင်းမှသာ စစ်တပ်က ယာဉ်ထိန်းရဲတွေနဲ့ ပူးပေါင်းကာ  ဖမ်းဆီးငွေတောင်းတာတွေ ပြုလုပ်လာတာပါ။

သမိုင်းလမ်းဆုံ လုံခြုံရေးဂိတ်မှာ  မေ ၁၇ ရက်က  ဗုံးပစ်ဖေါက်ခွဲခံရပြီးနောက်ရက်မှ စတင်ကာ သန်လျင်မြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ ယုဇနဥယျာဉ်မြို့တော်တွေမှာ ဆိုင်ကယ်တွေကို ဆက်တိုက် ဖမ်းဆီးနေတာဖြစ်ပါတယ်။

//
More News
Up