မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ကျဆုံးရေးအတွက် လူထုပါဝင်ရေး ကမ်ပိန်းပြုလုပ်

စစ်အာဏာရှင် ကျဆုံးရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မေ ၁၉ ရက် ဒီနေ့မနက်ပိုင်းက ပြည်သူလူထု ပူးပေါင်းရေး စားသားချိတ် ကမ်ပိန်း ပြုလုပ်နိုင်ခဲ့တယ်လို့ PAUF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"အာဏာရှင်ဖြုတ်ကျရေးအတွက် ပြည်သူလူထုရဲ့ ပူးပေါင်းမှုက အရမ်းအရေးကြီးပါတယ်။ လူထုအားနဲ့ တော်လှန်ရေးကို ရှေ့သို့ချီတက်ကြဆိုတဲ့ စာသားကို လူစည်ကားတဲ့ နေရာတွေမှာ ကမ်ပိန်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ်ပိန်း ပြုလုပ်နိုင်ရေးအတွက် အခက်အခဲရှိပေမဲ့ အဆုံးတိုင် တော်လှန်သွားမယ်။"

ကချင်လူငယ်တဦးကလည်း "စစ်အာဏာရှင် ကျဆုံးရေးအတွက် ပြည်သူလူထုအားနဲ့ သွားမှ လိုရာခရီးကို အမြန်ဆုံးရောက်ပါမယ်။ ကချင်ပြည်သူတွေလည်း ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်။ လက်နက်ကိုင်လမ်းစဉ် တခုတည်းကို အားကိုးလို့မရဘူး။ ဒါကြောင့် ပြည်သူလူထုနဲ့ သပိတ်လူငယ်အဖွဲ့တွေ လှုပ်ရှားဖို့လိုတယ်" လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်သပိတ်ပေါင်းစုံ ပေါ်ထွက်လာသလို အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာလည်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ လူငယ်သပိတ်အဖွဲ့တွေအနေနဲ့ စစ်အာဏာရှင် ကျဆုံးတဲ့အထိ ပြည်သူလူထုနဲ့ ပူးပေါင်းကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။

//
More News
Up