Home
ဆောင်းပါး
ဖိုးမောင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ
DVB
·
May 19, 2022

( က )

၁၉၇၃ ခုနှစ်ကပါ...။ “ရေဦး” ဆိုတဲ့ တံငါရွာကလေးတရွာမှာ ရွာငှားကျောင်းဆရာ လုပ်ခဲ့စဉ်တုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးတခုပါ။

ဒီတုန်းက ကျနော်က ဘုန်းကြီးကျောင်းမှာ ကပ်နေပြီး စပါးနဲ့ငှားတဲ့ ရွာငှားကျောင်းဆရာ လုပ်နေတဲ့အချိန် “မောင်ထူးရှင်” ဆိုတဲ့ ကျောင်းသားလေးနဲ့ ဆုံခဲ့ကြပါတယ်။ ကျောင်းရန်ပုံငွေရဖို့အတွက် စပါးလိုက်ရိတ်ကြရင်းက “မောင်ထူးရှင်” ပိုးထိပါတယ်။ ပိုးထိထားတဲ့ “မောင်ထူးရှင်” က သူ့ကို ပိုးထိလိုက်တဲ့အခါ သူ့ဘေးမှာ ကပ်ပြီးရပ်နေတဲ့ ကျနော့်ကို နောက်ကိုဆုတ်ဖို့ ပြောပါတယ်။ သူနဲ့ရင်ပေါင်တန်းပြီး ရပ်နေကြတဲ့ ကျောင်းသားတွေအားလုံး နောက်ကို ဆုတ်ခိုင်းပါတယ်။ ပြီးတော့မှ သူ့ခြေထောက်အောက်က မြွေပွေးကို တံစဉ်နဲ့ဖြတ်၊ အဲဒီမြွေပွေးက ပေါက်ထားတဲ့ မြွေပွေးအသေးလေးတွေကို တံဇဉ်အနှောင့်နဲ့လိုက်ထု...။ ပါးစပ်ကလည်း ကျန်တဲ့ကျောင်းသားတွေ ကန်သင်းရိုးပေါ် တက်နေကြဖို့ပြော။ သူက သူ့နေရာတဝိုက်ကို စပါးပင်တွေဖြဲပြီး တံဇဉ်နဲ့လိုက်ထု၊ ဖနောင့်နဲ့ပေါက် လုပ်နေတော့ သူ့ကို ပိုးထိထားတယ်လို့ ဘယ်သူမှ မထင်ဘူးပေါ့။ ကျနေတို့အားလုံး ကန်သင်းရိုးပေါ်ရောက်ပြီး သူ့ကို ဝိုင်းကြည့်နေတုန်း စပါးတောထဲ သူ ယိုင်တိယိုင်တိုင်နဲ့ ထိုင်ချလိုက်တဲ့အခါကျမှ သူ့ကို ပိုးထိလိုက်ပြီဆိုတာ သိကြရတာ။

ကျနော်က ဘယ်ကျောင်းသားမှ လယ်ကွက်ထဲ မဆင်းစေဘဲ သူ့အနားကို ကျနော်တယောက်တည်း ပြေးဆင်းလိုက်တော့ “မောင်ထူးရှင်” က သတိတော့ မလစ်သေးဘူး။ လဲနေရာက လူးလဲထပြီး ကျနော့်ကို သူ့အနားမလာဖို့ ပြောနေသေးတယ်။ သူ့အနားကို ဇွတ်တိုးလာတဲ့ ကျနော့်ကို စကားတခွန်းနှစ်ခွန်း ပြောနိုင်သေးတယ်။ “မောင်ထူးရှင်” နောက်ဆုံးပြောသွားတဲ့ စကားက ကျနော်တို့အားလုံး မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရတယ်။

“ကျနော့်ကို ပိုးထိထားပြီးပြီ၊ ငုံ့ကြည့်တော့ သားပေါက်ကလေးတွေ အထွေးလိုက်ပဲ...  တခြားလူတွေ အကိုက်ခံရမှာစိုးလို့ တကောင်မကျန် ကျနော် လိုက်သတ်နေရသေးတယ်၊ ကျနော် အိပ်ချင်တယ်ဆရာလေး” ဆိုပြီး “မောင်ထူးရှင်” လည်း ကျနော့်လက်ပေါ်မှာ ထာဝရ အိပ်ပျော်သွားခဲ့တယ်။

“မောင်ထူးရှင်” က အင်းစာရင်းငှားတဦးရဲ့ သား။ အမေမရှိဘူး။ ဆင်းရဲလိုက်တာလည်း မပြောပါနဲ့တော့။ ပြီးတော့ ကျနော်နဲ့အတူ ဘုန်းကြီးကျောင်းမှာပဲ ကျောင်းအိပ် ကျောင်းစား။ သူ အခုလို ပိုးထိပြီးဆုံးတော့ ရွာသားတချို့က သူ့အဖေကို မြှောက်ပေးလို့ ဒိုင်နယ်ရုံးမှာ ကျနော်က တရားတဘောင် ရင်ဆိုင်ရသေးတယ်။ ဒီလို ဘေးဥပါဒ်အန္တရာယ်ရှိတဲ့ အလုပ်ကို ဘာပြုလို့ ကျနော်က ကလေးတွေကို လုပ်ခိုင်းရသလဲပေါ့။ ကျနော့်ဘက်က လိုက်ပါပြောဆိုကြတဲ့ ကျောင်းသားမိဘတွေလည်း ရှိပါတယ်။ ကျနော်ကတော့ ဘာမှ မခုခံခဲ့ဘူး။ တရားဥပဒေအရသာ လုပ်ဖို့ ခေါင်းထိုးပြီး ရင်ဆိုင်ခဲ့တယ်။ “မောင်ထူးရှင်” အတွက် ကြေကွဲရတာပဲ ကျနော်သိတယ်။

နောက်ဆုံးတော့လည်း “မောင်ထူးရှင်” ရဲ့ ဖခင်က အမှုကို ပြန်လည်ရုပ်သိမ်းပြီး တခြားရွာကို ပြောင်းသွားပါတယ်။ ကျနော့်မှာတော့ ပိုးထိပြီး လဲကျသွားတဲ့ “မောင်ထူးရှင်” ကို မေ့လို့မရနိုင်ဘူး။ သူ နောက်ဆုံးပြောခဲ့တဲ့ စကားတွေကို နားထဲက မထွက်နိုင်ဘူး။ “မောင်ထူးရှင်” ဟာ ကျနော့်အတွက်တော့ တကယ့်ကို အညတြသူရဲကောင်း ဖြစ်ခဲ့တော့တာပေါ့။

( ခ )

ခေတ်စမ်းစာဆိုကြီး “မင်းသုဝဏ်” မှာ အများအတွက် အနစ်နာခံသူ၊ အများအတွက် အသက်ပေးဖို့ ဝန်မလေးသူ နှစ်ဦးကို အဓိက ဇာတ်ကောင်ထားပြီး ဖွဲ့တဲ့ကဗျာ ၂ ပုဒ် ရှိပါတယ်။ ၂ ပုဒ်စလုံး နာမည်အလွန်ကြီးပါတယ်။ “ဖိုးမောင် လာပြီ” ဆိုတဲ့ ကဗျာနဲ့ “သူ့မှာတမ်း” ဆိုတဲ့ ကဗျာ ၂ ပုဒ်ပါ။

ကျနော်ကတော့ ကျနော့်အထွာ၊ ကျနော့်နှလုံးသားအခံအပေါ် မူတည်ပြီး “ဖိုးမောင် လာပြီ” ကဗျာကို ပိုပြီးနှစ်သက်တယ်။ ပိုပြီးခံစားရတယ်။ ဘာပြုလို့လဲဆိုတော့ အဲဒီကဗျာထဲက အဓိကဇာတ်ကောင် “ဖိုးမောင်” က သာမန်အညတြပုဂ္ဂိုလ်တယောက် ဖြစ်တာရယ်၊ ကျနော့်သူရဲကောင်း “မောင်ထူးရှင်” နဲ့လည်း တူတယ်ထင်လို့ “ဖိုးမောင် လာပြီ” ကဗျာကို ပိုပြီး နှစ်သက်ခံစားလို့ ရတာပါ။

“ဖိုးမောင် လာပြီ” ကဗျာမှာ ကဗျာ့ပရိယာယ်တွေ၊ အပြောနဲ့ အပြတွေကလည်း “သူ့မှာတမ်း” ကဗျာထက် ကျနော့်ကို ပိုပြီး စွဲဆောင်နိုင်တယ်။ ဥပမာအနေနဲ့ ပြောရရင် အပြောနဲ့ အပြ နှစ်ခုစလုံး ရောပြီး ဖော်ပြထားတဲ့ “ဖိုးမောင်” ရွာကိုဝင်လာတဲ့ အခန်း၊ ဖိုးမောင်နဲ့ ဓားပြတွေ မတွေ့ခင်၊ ဖိုးမောင်ကို ဓားပြတွေက မသတ်ခင်၊ ဖိုးမောင် ဓားပြတွေ အသတ်ခံရတဲ့ည၊ ဖိုးမောင် ရွာကိုပြန်လာတတ်တဲ့အချိန် ... အဲဒီအချိန်ကလေးကို ဖော်ပြတဲ့အခန်း၊ ပြီးတော့ ဖိုးမောင်က အော်ဟစ် သတိပေးလို့ တရွာလုံး မောင်းထု အော်ဟစ်ကြတဲ့အခန်း...၊ အဲဒီကဗျာပိုဒ်တွေဟာ ဝဏ် ဏတခုချင်းစီ အရကော၊ ပါဒ တကြောင်းစီ အရပါ အင်မတန်ထိရောက်၊ တိကျ၊ ကျစ်လျစ်၊ အားကောင်းတာ တွေ့ကြရပါတယ်။

ဖိုးမောင့်သံကြား၊ ကင်းသမားက

တံခါးကြီးအောက်၊ မလွယ်ပေါက်ကို

တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်

ယာတွင်အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်

ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို

လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်

လူပင်လေလား၊ တစ္ဆေလား။

နောက်ထပ်တပိုဒ်က ...

ဆောင်းတစ်ည၌

ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍

ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ

ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်

ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်

ဖိုးမောင် လာချိန်ပါတကား။

နောက်ထပ်တပိုဒ် …

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့

တံခါးဝင်လို၊ သူ မဆိုဘဲ

“မောင်းကိုထုပါ၊ လူစုပါဟေ့၊

ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊

ဓါးပြငါ့အား၊ ဖမ်း၍ထား” ဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်

ချောင်းယံပဲ့တင်ထပ်သတည်း။

ဒီကဗျာ ၃ ပိုဒ်ဟာ ကဗျာ့ဇာတ်ကောင်တွေရဲ့လှုပ်နေတဲ့ စရိုက်တွေကို ပေါ်အောင်ဖွဲ့တဲ့ အပိုဒ်တွေပါပဲ။ ဇာတ်ကောင်တွေရဲ့ အလှုပ်အရှားအပေါ် မူတည်ပြီး ကဗျာဖတ်သူကို စိတ်မျက်စိနဲ့ မြင်နိုင်အောင်ဖွဲ့တဲ့ ကဗျာပိုဒ်တွေပါ။

ဒီကဗျာပိုဒ်တွေကို အားယူပြီး “ဖိုးမောင်” ရဲ့ ကြေကွဲဖို့ကောင်းတဲ့ ဇာတ်လမ်းနဲ့ ဂုဏ်ပြုဖို့ကောင်းတဲ့ ဖိုးမောင့်စိတ်ဓာတ်ကို ကဗျာဖတ်သူတွေရဲ့ ရင်ထဲအရောက် ပို့လိုက်တာပါ။

သာမန်အားဖြင့် ကြည့်ရင်တော့ “ဖိုးမောင် လာပြီ” ကဗျာဟာ ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးတခုကို ပုံပြင်ဆန်ဆန် ပြောပြတဲ့ ကဗျာပါပဲ။ ဒါပေမဲ့ ကဗျာဖတ်သူက ဖြည့်ပြီး တွေးရမယ့် မြှုပ်ထားတဲ့ကိစ္စတွေ၊ ကဗျာဖတ်သူက ဆင့်ပွားပြီး တွေးယူရမယ့် ဂယက် အနက်တွေကတော့ တတော တတောင်လုံး နှံ့အောင် လိုက်တွေးလို့ ရနိုင်မလားပဲ။

“ဖိုးမောင်” ဟာ သာမန်ဆင်းရဲသား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ရွာသားလေးတဦးပါ။ ကဗျာထဲမှာ ဖော်ပြမထားတော့ သူ့မှာ မိဘနှစ်ပါးမှ ရှိသေးရဲ့လား။ ရှိရင်လည်း အသက်အရွယ် ကြီးရင့်ကြသူတွေ၊ ဒါမှမဟုတ် ကျန်းမာရေး ချွတ်ယွင်းကြသူတွေ၊ ဒါမှမဟုတ် မိစုံဖစုံမှ ရှိရဲ့လား။ ဖားရှာငါးရှာပြီးမှ အသက်မွေးဝမ်းကျောင်းရတဲ့ သူ ...။ ဖိုးမောင်ရဲ့ ဆန်တွင်းဟာ သူများတကာထက် ပိုပြီးနက်မှာကတော့ သေချာပြီပေါ့။ ဒါကြောင့်မို့ “ဖိုးမောင်” ဆိုတာ ရွာမှာ လူရာဝင်တဲ့ အနေအထား ဘယ်ရှိနိုင်ပါ့မလဲ။ ဖိုးမောင်လို ဆင်းရဲသားလူငယ်တယောက်၊ ရွာမှာမရှိရင်လည်း ဘာမှ ပိုပြီး မထူးခြားနိုင်လောက်အောင် ... တကယ့်ကို အရေးမပါ အရာမမြောက်တဲ့ လူတယောက်။ လူတွေဟာ ဖားရှာ ငါးရှာ စားရတဲ့ “ဖိုးမောင်” ကို ဘယ်ဂရုစိုက်ကြမှာလဲ။ ဘယ်ကွမ်းတောင်ကိုင်၊ ဘယ် ပိုက်ဆံရှိသူ၊ ဘယ်မိသားစုကမှ “ဖိုးမောင်” ကို “ထမင်းလာစားလှည့်ဦး” လို့ တကူးတက ထမင်းဖိတ်ကျွေးကြသူ ရှိပါ့မလဲ။

“ဖိုးမောင်” က ကင်းသမားတွေနဲ့တော့ အဆင်ပြေအောင် ဆက်ဆံထားပုံရပါတယ်။ ညကြီးမင်းကြီး အချိန်မတော် ရွာကိုပြန်လာတဲ့ “ဖိုးမောင်” ကို ကင်းသမားတိုင်းက မလွယ်ပေါက်ကို အသာဖွင့်ပေးဖို့ ဝန်မလေးကြဘူး။

ဖိုးမောင်ရဲ့ဘဝဟာ ဆင်းရဲပါတယ်။ ရိုးစင်းပါတယ်။ မထူးခြားဘူး။ မထင်ရှားဘူး။ မကြီးမားဘူး။

တညမှာတော့ ရွာကိုကပ်ပြီး ဓားပြတိုက်ဖို့ ချောင်းနေကြတဲ့ ဓားပြတသိုက်နဲ့ ငါးရှာပြီး ပြန်လာတဲ့ ဖိုးမောင်တို့ ရွာဘေးမှာ ပက်ပင်းတိုးတော့ “ဖိုးမောင်” ကို ဖမ်းထားကြတာပေါ့။ တကယ်တော့ ဓားပြတွေက “ဖိုးမောင်” ကို တမင်သက်သက်လာ စောင့်ပြီး ဖမ်းကြတာပါ။ သူတို့က အချိန်မတော် ရွာတံခါးပွင့်ဖို့ဆိုရင် “ဖိုးမောင်” ရဲ့ အကူအညီရမှ ဝင်လို့ရမယ်ဆိုတာ စုံစမ်းထားပြီးသား။ ကင်းသမားက ဖိုးမောင်ဆိုရင် မလွယ်ပေါက်ကို ဖွင့်ပေးနေကျဆိုတာ ဓားပြတွေက သိထားတော့ ဖိုးမောင်ကိုဖမ်းပြီး တံခါးဖွင့်ပေးဖို့ ဖိုးမောင်ကို ပြောခိုင်းကြတာပေါ့။ ပြောမပေးဘူးဆိုရင် သတ်ပစ်မယ်လို့ ဖိုးမောင်ကို ခြိမ်းခြောက်ကြတာပေါ့။

“ဖိုးမောင်” ဟာ ဓားပြတွေက ကြိုးနဲ့တုပ်ပြီး ဖမ်းခံထားရတဲ့အချိန် ဘာတွေတွေးနေခဲ့သလဲ။ ပထမတော့ သူ့အသက်လွတ်အောင် ရွာတံခါးဖွင့်ပေးဖို့ ပြောလိုက်မယ်ဆိုတဲ့ စိတ်ကူးရှိမယ်။ ပြီးတော့ သူ့ကို ချည်ထားတဲ့ကြိုးကို ပြေအောင် ဘယ်လိုဖြေရပါ့မလဲလို့ တွေးကောင်းတွေးမယ်။ ဒါမှမဟုတ် သူ့ကို ကြိုးနဲ့တုပ်ထားတာ အရေးမကြီးဘူး၊ ရွာကို ဒီည ဓားပြတိုက်တော့မယ့်ကိစ္စ၊ ရွာသားတွေသိရအောင် သူ ဘယ်လိုလုပ်ရပါ့မလဲလို့လည်း တွေးမိလိမ့်မယ်။ ရွာအတွက် စိတ်ပူလိမ့်မယ်။ အချိန်တိုအတွင်းမှာ သူဟာ ဆုံးဖြတ်ချက် ချရလိမ့်မယ်။ အဲဒီနောက် “မောင်းထုကြ၊ လူစုကြ၊ ဓားပြတွေ ရွာကို ဝိုင်းထားပြီ၊ ငါ့ကိုလည်း ဖမ်းထားပြီဟေ့” လို့ အကြိမ်ကြိမ် အော်တော့တယ်။

ဖိုးမောင်ဟာ သူ ဒီလိုအော်ရင် သူ့ကို ဓားပြတွေက ထုကြ၊ ထောင်းကြ၊ သတ်ကြမယ်ဆိုတာ ကြိုပြီး သိထားပြီးသားပါ။ သူ့မှာ ကြောက်စိတ်မရှိတော့ဘူးလား။ သူက ရွာကို သတိမပေးဘဲ ထားလိုက်ရင် ရွာကို ဓားပြတိုက်ခံရပေမဲ့ သူ့အသက်တော့ လွတ်နိုင်တယ်ဆိုတဲ့ အတွေးကို သူ မတွေးတတ်ဘူးတဲ့လား။ သူ့အသက်ကို သတ်ချင်သတ်ပါစေ၊ ရွာကိုတော့ ဓားပြရန်က ဝေးရင် ပြီးတာပဲဆိုတဲ့စိတ်ကို သူဘယ်လိုလုပ်ပြီး တွေးနိုင်ခဲ့တာလဲ။ အဲဒီတချိန်တည်းမှာပဲ ဆင်းရဲသား နင်းပြား သူ့ဘဝကို သူ တွေးမိပြီး တရွာလုံးက ငါ့ကို ဘယ်တုန်းကမှ လူရာမသွင်းခဲ့တာပဲ။ ငါက ဘာပြုလို့ ရွာကို ကာကွယ်နေတော့မလဲ၊ ငါ့အသက်လွတ်ရေးကိုပဲ ဦးစားပေးရမှာပေါ့ဆိုတဲ့ အတွေးကော မတွေးနိုင်ခဲ့ဘူးလား။

ဒီလိုနဲ့ ရွာကို အော်ဟစ်သတိပေးလို့ ဓားပြတွေက “ဖိုးမောင်” ကို သတ်ပစ်လိုက်ကြပါပြီ။ ဖိုးမောင်ရဲ့ အော်သံကြားလို့ ရွာသားတွေ မောင်းထု လူစုနိုင်ကြပြီ။ ရွာဟာ ဓားပြရန်က ဝေးခဲ့ပါပြီ။ ဒီအခါကျတော့ ရွာသားတွေအားလုံး ဖိုးမောင့်ကျေးဇူးကို အထူးပြုကြရပြီပေါ့။ ဖိုးမောင်ရဲ့စိတ်ဓာတ်ကို အသိအမှတ် ပြုကြပြီပေါ့။ ဖိုးမောင်ရဲ့ ကိုယ်ကျိုးစွန့်နိုင်တဲ့ သတ္တိကို လေးစားကြရပြီပေါ့။

ဖိုးမောင်ဟာ ဒီအခါကျတော့ သာမန်လူထဲက လူတယောက် မဟုတ်တော့ဘူး။ ဖိုးမောင်ဟာ ရွာကို ဓားပြဘေးက ကင်းဝေးဖို့ဆိုရင် သူ့အသက်ကိုတောင် စွန့်လွှတ်ပြီး ကာကွယ်ဖို့ ဝန်မလေးတဲ့သူ။ ဖိုးမောင်ဟာ သူ့အသက်ကိုရင်းပြီး ရွာကောင်းကျိုး ရပ်ကောင်းကျိုး ဆောင်ရွက်သွားခဲ့သူ။ ဖိုးမောင်ဟာ သူရဲကောင်း ...။

ဖိုးမောင် ဒီလို အနစ်နာခံ ဆောင်ရွက်ခဲ့တာဟာ ရွာထဲက သူ ကျိတ်ပြီး ပိုးပန်းခဲ့ရတဲ့ ကွမ်းတောင်ကိုင်မလေးအတွက် မဟုတ်ဘူး။ ရွာက ပိုက်ဆံရှိ လူချမ်းသာ ရွာ့မျက်နှာဖုံး “ဦးလာဘ” အတွက် မဟုတ်ဘူး။ တချိန်လုံး သူ့ကို လူလိုသူလို မဆက်ဆံခဲ့တဲ့ ရွာသူကြီး “ဦးစံတင့်” ဆီက မျက်နှာသာလေး ရလိုရငြား သူ ဒီလိုလုပ်ခဲ့တာမဟုတ်ဘူး။ သူ့ရည်ရွယ်ချက်က၊ သူ့စေတနာက ပုဂ္ဂလကိစ္စ၊ ပုဂ္ဂလအကျိုး မဟုတ်ဘူး။ ဒီတော့ “ဖိုးမောင်” ဟာ ရွာအတွက်တော့ တကယ့်ကို ကျေးဇူးရှင် ဖြစ်ပြီပေါ့။ ရွာရဲ့သူရဲကောင်း ဖြစ်ပြီပေါ့။ ရွာရဲ့ စံပြပုဂ္ဂိုလ်ပေါ့။ ဒီလိုနဲ့ “ဖိုးမောင်” ကို ရွာက မမေ့နိုင်ကြတော့ဘူးပေါ့။

“မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌ ရေဆိပ်အနား၊

ရွာတံခါးမှ ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်

“ဖိုးမောင်လာပြီ” ဆိုဆဲပင် ...ပေါ့။”

ဆရာကြီး မင်းသုဝဏ်ရဲ့ “ဖိုးမောင် လာပြီ” ကဗျာဟာ တကယ့်ကို အလွမ်းဇာတ်ပါ။ ဒါပေမဲ့ မဟာဆန်လွန်းတဲ့ အလွမ်းဇာတ်တခု။ ကြီးမြင့်ဂုဏ်ထယ်လွန်းတဲ့ လူသားတယောက်ရဲ့ မဟာအလွမ်းဇာတ်။

( ဂ )

“ဖိုးမောင် လာပြီ” ကဗျာထဲက “ဖိုးမောင်” ဟာ သာမန်အညတြလူတယောက်။ ကျနော့်အတွေ့အကြုံထဲက “မောင်ထူးရှင်” ဟာလည်း သာမန်လူတယောက်။ သူတို့နှစ်ယောက်ဟာ လူသားတွေအတွက် ရတနာတွေ ချန်ပေးမထားနိုင်ခဲ့ဘူး။ ပညာဗဟုသုတတွေ ချန်မထားနိုင်ခဲ့ဘူး။ “မြင့်မြတ်လေးနက်တဲ့ မဟာလူသားစိတ်ဓာတ်” တခုတည်းကိုပဲ ချန်ထားပြီး ဘဝကူးပြောင်းသွားခဲ့ကြတာပါ။

ရွာတရွာမှာ ဘေးဒုက္ခအန္တရာယ်တခုခု ကျရောက်တော့မယ်ဆိုရင်၊ ဘေးဒုက္ခအန္တရာယ်တခုခု ကျရောက်နေပြီဆိုရင် “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့လို လူတွေ ပေါ်လာတတ်ပါတယ်။ “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့လိုလူတွေ ပေါ်ပေါက်လာအောင်လည်း ကြိုးစားသင့်ပါတယ်။ “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့ရဲ့ စိတ်ဓာတ်မျိုး ရွာကလူတွေ ထားနိုင်အောင် ပြောဆိုဆွေးနွေး၊ နွေးထွေးနေသင့်ပါတယ်။

ဟိုး... လွန်ခဲ့တဲ့ ၁၉၇၃ ခုနှစ်တုန်းက၊ လက်တင်အမေရိကနိုင်ငံတခုဖြစ်တဲ့ ချီလီနိုင်ငံမှာ တိုင်းပြည်က ဒီမိုကရေစီနည်းအရ တင်မြှောက်ထားတဲ့ “အာယန်ဒေး” အစိုးရကို ချီလီစစ်ဗိုလ်ချုပ်ကြီး “ပီနိုချေး” က လက်နက်အားကိုးနဲ့ အဓမ္မ အာဏာသိမ်းခဲ့ပါတယ်။ ဒီတုန်းက ကျန်းမာရေးချို့ယွင်းနေတဲ့ နိုဗယ်ဆုရှင် ကဗျာဆရာကြီး “ပက်ဘလိုနဲရူဒါ” က “ဖက်ဆစ်တွေ တက်လာပြီ အသင့်ပြင်ကြ” ဆိုတဲ့ စကားကို ပြောခဲ့ပါတယ်။ ချီလီပြည်သူတွေကို စစ်ဝါဒီတွေ တက်လာပြီ၊ သတိရှိကြ၊ လက်မခံကြနဲ့ ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောခဲ့တာပါ။

အခုလည်းပဲ ဆရာကြီး မင်းသုဝဏ်ဟာ “ဖိုးမောင် လာပြီ” ကဗျာကို ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ရေးခဲ့တာပါ။ တိုင်းပြည်က ဒီမိုကရေစီနည်းနဲ့ တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ စစ်ဝါဒီတွေက အဓမ္မ အာဏာသိမ်းယူတဲ့ ၁၉၆၂ ခုနှစ်ထဲမှာ ဒီကဗျာကို ရေးတာပါ။ ဒါဟာ တိုင်းပြည်အပေါ် နှစ်ပေါင်းများစွာ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်တော့မယ့် စစ်ဝါဒီတွေရဲ့ အန္တရာယ်ကို ကျနော်တို့ ပြည်သူတွေ သိမြင်နိုင်ကြဖို့ တမင်ရေးဖွဲ့ခဲ့တာလို့ကော မဆိုနိုင်ပေဘူးလား။

 စစ်ဝါဒီတွေရဲ့ရန်က အသက်စွန့်ပြီး အကာအကွယ်ပေးမယ့် ပြည်သူ့သူရဲကောင်းတွေ ပေါ်ပေါက်ဖို့ သူရဲကောင်းတွေ ရှေ့ထွက်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်တဲ့သဘောလို့ကော မပြောနိုင်ဘူးလား။

တရပ်လုံး တရွာလုံး အခုလို စစ်အာဏာရှင်စနစ်အောက်မှာ ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရတဲ့ အချိန်မှာတော့ ဖိုးမောင်လို လူမျိုးတွေ ပေါ်ပေါက်လာဖို့၊ ဖိုးမောင့်စိတ်ဓာတ်မျိုး ပြန့်ပွားထွန်းကားဖို့ အမှန်တကယ် လိုအပ်တယ် ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ။

ဖိုးမောင်လာပြီ

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၍

ရေဆိပ်အနား၊ ရွာတံခါးမှ

ဂုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်

“ဖိုးမောင်လာပြီ” ဆိုကြသည်။

ဟောင်သံရပ်၍

ထက်ကြပ်ပေါ်လာ၊ အသံမှာကား

“ညခါငါးထောင်၊ မောင်ဖိုးမောင်သည်

ရွာတောင်ချောင်းက ပြန်ခဲ့ပြီ”။

ဖိုးမောင့်သံကြား၊ ကင်းသမားက

တံခါးကြီးအောက်၊ မလွယ်ပေါက်ကို

တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်

ယာတွင်အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်

ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို

လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်

လူပင်လေလား၊ တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ

တစ်ယောက်တည်းပင် ညဉ့်မှောင်တွင်၌

သူလျှင်ငါးရှာ၊ မကျွေးပါက

ထိုရွာသူသား၊ လူအများတို့

ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌

ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍

ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ

ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်

ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်

ဖိုးမောင် လာချိန်ပါတကား။

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့

တခါးဝင်လို၊ သူ မဆိုဘဲ

“မောင်းကိုထုပါ၊ လူစုပါဟေ့၊

ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊

ဓားပြငါ့အား၊ ဖမ်း၍ထား” ဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်

ချောင်းယံပဲ့တင်ထပ်သတည်း။

ဖိုးမောင့်နိဂုံး၊ ဤတွင်ဆုံးလည်း

ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍

ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်

ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ်အနား၊ ရွာတံခါးမှ

ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်

“ဖိုးမောင်လာပြီ” ဆိုဆဲပင်။ ။

မင်းသုဝဏ်

၅ - ၁၂ - ၆၂

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။မြဝတီ မဂ္ဂဇင်း ဇန်နဝါရီ၊ ၁၉၆၃။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024